
၃၁.၇.၂၀၂၅
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း မိုင်တိုင် ၁၆ မိုင် ၇ဖာလုံတွင် ယနေ့ ဇူလိုင်လ ၃၁ ရက် ည ၇ နာရီ ၅၈ မိနစ်ခန့်က အံစာတုံးအဖြူရောင်မော်တော်ယာဥ်နှင့် သကြားတင်လာသော တွဲကားတိုက်မိပြီး တွဲကားချောက်ထဲကျ၍ အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။
“ချောက်ထဲကျတဲ့ တွဲကားပေါ်က ယာဥ်မောင်းနဲ့ အမျိုးသားတစ်ဦး ဆုံးသွားတာပါ။ ကားကချောက်ထဲကျနေလို့ ညပ်ပြီးသေဆုံးနေတဲ့သူတွေကို ခက်ခက်ခဲခဲ သယ်ထုတ်ရတယ်”ဟု ကယ်ဆယ်ရေးဆောင်ရွက်သူတစ်ဦးကပြောသည်။

တွဲကားမှာ တိုက်မိသည့်အရှိန်ကြောင့် ဘေးရှိချောက်ထဲသို့ ထိုးကျကာ လူညပ်နေသဖြင့် ရတနာပုံနယ်မြေမီးသတ်စခန်းနှင့်ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ သန္တိသုခလူမှုကူညီရေးအသင်းနှင့် Myanmar Rescue တို့ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သေဆုံးသူနှစ်ဦးကို သန္တိသုခလူမှုကူညီရေးအသင်းမှ အသင်းဝင်များက ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
