
၁. ၈.၂၀၂၅
Written By Zun
AA ထိန်းချုပ်ရာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် သင်္ကန်းဝတ် ဘုန်းကြီးက လေးတန်းကျောင်းသူအား သက်ငယ်မုဒိမ်းပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်က ပေါက်တောမြို့နယ်၊ ဟင်းခရော်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူမှာ အသက် ၆၉ နှစ်အရွယ် စန္ဒိမာ(လူအမည် စိန်လှထွန်း) က အသက် ၉ နှစ်အရွယ် ၄ တန်းကျောင်းသူတစ်ဦးအား ဓမ္မာရုံအတွင်း အတင်းအဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်အပေါ် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် အမျိုးသမီးရေးရာကော်မတီက ထိရောက်စွာ အရေးယူပေးရန်တောင်းဆိုထားသည်။
“ကလေးမလေးက သူ့ရွာရဲ့ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံမှာ ကျောင်းတက်ပြီးအပြန် ထီးမေ့ကျန်ခဲ့လို့ သွားပြန်ယူတာ။ အဲဒါကို ဦးစန္ဒိမာက မုဒိမ်းကျင့်တာ။ ပေါက်တောမှာက ဖြစ်ချင်တိုင်း ဖြစ်နေကြတယ်လေ။ ရှိတဲ့သူတွေကလည်း AA ဘက်က ဆိုတာနဲ့ AA က အာဏာရထားတာ။AA က အုပ်ချုပ်နေတာ ဆိုပြီး လုပ်ချင်တာ လုပ်နေ ကြတာ။ ဘုန်းကြီးကလည်း AA ပဲလေ”ဟု ဒေသခံ တစ်ဦးက MT News ကို ပြောသည်။
လက်ရှိတွင် AA က ယင်း ဘုန်းကြီးကို လူဝတ်လဲ ဖမ်းဆီးထားကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်များက ဖော်ပြထားကြသည်။
