ပုံစာ။ ၂၀၂၃ ခုနှစ် သဘင်သက်ကြီးပူဇော်ပွဲ
၂၉.၇.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)က ကြီးမှုးပြီး စတုတ္ထအကြိမ်မြောက် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ “သဘင်သက်ကြီးပူဇော်ပွဲ”ကို လာမယ့် ဩဂုတ်လမှာ ကျင်းပမယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံးက တာဝန်ရှိသူတစ်ဦးက MT Entertainment ကို ပြောပါတယ်။
“ကျွန်တော်တို့က သဘင်အစည်းအရုံးဆိုတာကတော့ ကဏ္ဍပေါင်းစုံပါဝင်ပါတယ်။ သဘင်ရဲ့အစုအဖွဲ့မှာက ဇာတ်၊ အငြိမ့်၊ ရုပ်သေး၊ ဆိုင်း၊ ရာမယဏ၊ ဆပ်ကပ်၊ မျက်လှည့်၊ အိုးစည်း၊ လူရွှင်တော် အဲလို အဖွဲ့တွေရော ကျွန်တော်တို့မှာက နတ်ဒေဝါ စတာတွေပါတာပေါ့ဗျာ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသက် ၇၅ နှစ်အထက် သက်ကြီးတွေတင် လူ ၁၀၀၀ ကျော်လောက်ရှိတယ်ဗျ။ အသက် ၇၀ အထက်ဆိုရင်တော့ လူ အယောက် ၃၀၀၀ ရှိပြီးတော့ အသက် ၆၅ နှစ်အထက်ဆိုရင်တော့ ဦးရေ ၅၀၀၀ ကျော်လောက်ရှိတာပါ။ လက်ရှိ ကျွန်တော်တို့က အသက် ၇၅ နှစ်အထက်ကိုပဲ ကန်တော့ဖို့က ငွေကြေးကလည်းမရှိတာမို့ ဆောင်ရွက်ဖြစ်တာပါ။ ကျွန်တော်တို့က ရန်ကုန်မြို့၊ မန္တလေးမြို့ တစ်ခုစီပဲ ကွက်ပြီး လုပ်ဆောင်တာမဟုတ်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်သလောက်နဲ့ ကန်တော့ပွဲလုပ်ဆောင်တာပါ။ လက်ရှိလည်း ကျွန်တော်တို့ ကြိုးစားပြီးတော့ ရှာဖွေနေတုန်းပါပဲ။ ထူးထူးခြားခြားအနေနဲ့ သဘင်အစည်းအရုံး ရုံးသစ်ဖြစ်တဲ့ မင်းဓမ္မလမ်း အင်းစိန်ဘူတာရုံနားမှာ ရုံးသစ်ဆောက်နေပါပြီ။ အဲဒီမှာကျင်းပမှာပါ”လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို) က တာဝန်ရှိတစ်ဦးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ သက်ကြီးပူဇော်ပွဲကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ စာရင်းကောက်ယူမှုအရ အသက် ၇၅ နှစ်နဲ့ အထက် သက်ကြီး သဘင်ပညာရှင်ကြီး ကန်တော့ခံပညာရှင်ကြီးတွေ ဦးရေ ၁,၀၀၀ ကျော်ကို ပူဇော်ကန်တော့ကြမှာလည်းဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်က သဘင်သက်ကြီးပူဇော်ပွဲကို ငွေကြေးအခက်အခဲကြောင့် ကျင်းပမှုမရှိခဲ့ဘဲ ယခု ၂၀၂၅ နှစ်မှာတော့ စတုတ္ထအကြိမ်မြောက် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ သဘင်သက်ကြီးပူဇော်ပွဲကို လာမယ့် ဩဂုတ်လမှာ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ရုံးသစ်ဖြစ်တဲ့ အင်းစိန်ဘူတာရုံလမ်းနဲ့လမ်းသစ်လမ်းထောင့်မှာ ယာယီဇာတ်ရုံကြီး ဆောက်လုပ်ပြီး ကျင်းပမှာလည်းဖြစ်ပါတယ်။
“ကျွန်တော်တို့ သဘင်အစည်းအရုံးအနေနဲ့ တခြား ဥပမာ- မူပိုင်ခွင့်တွေက ရတဲ့ငွေကြေးတို့စသဖြင့် ဘာမှမရှိဘူး။ ကျွန်တော်တို့မှာ ရပ်တည်တာက တစ်နှစ် တစ်ခါတည်ထောင်ခွင့်ပြုလုပ်ကြတယ်။ ဖျော်ဖြေကြမယ့်သူတွေဆီက ငွေကြေးတွေကို တိုင်းရယ်၊ မြို့နယ်ရယ်၊ ဗဟိုရယ်ခွဲခြမ်းစိပ်ဖြာပြီး ရတဲ့ဟာလေးနဲ့ ပြင်ပကသိလို့ လှူတဲ့အလှူငွေနဲ့ ရပ်တည်ရတဲ့အဖွဲ့အစည်းပါ။ ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ ကျွန်တော်တို့က စည်းစနစ်ကျကျသေချာဖော်ထုတ်ချပြသွားမှာမို့ ယုံကြည်စိတ်ချစွာလှူဒါန်းနိုင်ပါတယ်”လို့တာဝန်ရှိသူက ဆက်လက်ပြောဆိုပါတယ်။
ကန်တော့ခံ သဘင်ပညာရှင်တွေကို နှစ်စဉ်လှူဒါန်းမြဲ စံနှုန်းအတိုင်း မလျော့ဘဲ ပညာရှင်ကြီး တစ်ဦးလျှင် ကျပ် ၁ သိန်းနှုန်းလှူဖွယ်ပစ္စည်းတွေကို လှူဒါန်းသွားမှာလည်းဖြစ်ပါတယ်။
သဘင်မိသားစုတွေ၊ သဘင်အနုပညာကို ချစ်မြတ်နိုးတန်ဖိုးထားတဲ့ ပရိသတ်တွေကလည်း အတူတကွ ကုသိုလ်ယူရင် အလှုငွေနဲ့ အလှူပစ္စည်းတွေ ပါဝင်လှုဒါန်းလိုပါက ဖုန်း (၀၁) ၃၇၁၅၂၈၊ ၃၆၄၀၉၈၂၊ ၃၆၄၀၉၈၃၊ ၃၆၄၀၉၈၅၊ (၀၉) ၄၅၆၇၈၇၁၉၉၊ ၅၀၇၂၉၄၄ တို့သို့ ဆက်သွယ်လှုဒါန်းနိုင်ပါတယ်။
#သဘင်သက်ကြီးပူဇော်ပွဲ #ကန်တော့ခံသဘင်ပညာရှင် #Musicalensemble #MyanmarDanceAssociation
#ယာယီဇာတ်ရုံကြီးဆောက်လုပ် #သဘင်ဖျော်ဖြေတင်ဆက်မှုများ #မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟို








