၂၉. ၇. ၂၀၂၅
Written by Nyein Kyaw
ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ နှစ်စဉ် သရက်သီးအနှစ် တန်ချိန်တစ်သောင်း တင်သွင်းလိုကြောင်း ကမ်းလှမ်းမှုများရှိ၍ ရုရှားနိုင်ငံသို့ သရက်သီးအနှစ်နှင့် သရက်သီးအခြောက်များ တင်ပို့နိုင်ရေး လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၈ ရက်(ယမန်နေ့)တွင် ပြုလုပ်သည့် ရုရှားနိုင်ငံသို့ သရက်သီးအနှစ်များ တင်ပို့နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးမှ သိရသည်။
စီးပွားရေးလုပ်ငန်းရှင်များက ရုရှားနိုင်ငံသို့ သရက်သီးအနှစ်နှင့် သရက်သီးအခြောက် တင်ပို့လျက်ရှိမှုနှင့် တွေ့ကြုံရသည့် အခက်အခဲများနှင့် ရုရှားဝယ်လက်များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ ရုရှားနိုင်ငံသို့ သရက်သီးအနှစ်တိုးမြှင့်တင်ပို့နိုင်မည့်အခြေအနေများကို ပါဝင်အကြံပြုဆွေးနွေးခဲ့ကြသည်။
ရုရှားနိုင်ငံသည် သရက်သီးအနှစ်ကို အိန္ဒိယနိုင်ငံမှ အဓိကတင်သွင်းလျက်ရှိပြီး မြန်မာနိုင်ငံမှ နှစ်စဉ် သရက်သီးအနှစ် တန်ချိန်တစ်သောင်း တင်သွင်းလိုကြောင်းနှင့် မြန်မာနိုင်ငံမှ သရက်သီးအနှစ်နှင့် သရက်သီးအခြောက်တင်ပို့လိုသည့် လုပ်ငန်းရှင်များ တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် အရည်အသွေးမြင့်ကော်ဖီများကို ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်း တစ်ပြိုင်တည်း ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် အရည်အသွေးမြင့်ကော်ဖီများ တင်ပို့နိုင်ရေးအတွက် ကော်ဖီစိုက်ပျိုးမှု၊ ထုတ်လုပ်မှု၊ တင်ပို့မှုအခြေအနေများ၊ ရုရှားနိုင်ငံ၏ ကော်ဖီဈေးကွက်အခြေအနေ၊ ဝယ်ယူလိုသည့် အမျိုးအစားစသည်ဖြင့် ရုရှားနိုင်ငံသို့ ကော်ဖီတင်ပို့နိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် အသင်းအဖွဲ့များအကြား ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စိုက်ပျိုးရေး၊ မြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံရှိ စီးပွားရေးသံမှူးတို့အနေဖြင့် မြန်မာ့ကော်ဖီများ ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရေးလိုအပ်သည်များ ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
