၂၉ .၇. ၂၀၂၅
Written by Hey Mar
မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတဲ့ ပဲခူးတိုင်းအတွင်းနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းက နေရာတချို့မှာ လူသေဆုံး ပျက်စီးတဲ့အထိ သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသလို အဓိက ကုန်စည်ကူးလူးဆက်သွယ်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ တည်ရှိနေတဲ့ ချောင်းကူးတံတားတချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတချို့ထံကနေ စုံစမ်းသိရပါတယ်။
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နဲ့ ထန်းတပင်မြို့ကို ဆက်သွယ်ထားတဲ့ ဒိုးသောင်တံတား ရေလည်တိုင် ဒီနေ့ ဇူလိုင် ၂၉ ရက်နေ့မနက်မှာ ပြုတ်ထွက်ကာ တံတားက နိမ့်ဆင်းကျွံဝင်ပြီး အသုံးပြုလို့မရတော့တဲ့ အခြေအနေလို့ သိရပါတယ်။ ဒိုးသောင်တံတားက သောက်ရေခပ်ချောင်းပေါ်တည်ရှိပြီး ဒိုးသောင်ကျေးရွာအုပ်ထဲက ရွာတွေနဲ့ တောင်ငူမြို့ကို အဓိက ဆက်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးပြုတာလို့ သိရပါတယ်။
“စစ်တောင်းမြစ်ရေ တန့်နေပြီလို့ လိုင်းပေါ်မှာ တွေ့နေရပေမယ့်၊ ရေပြန်ကျတော့မယ်ဆိုပြီး ပြောနေပေမယ့်ပေါ့ သောက် ရေခပ်ချောင်းက ရေပိုတိုးလာတယ်။ အဲ့ဒါကြောင့်လည်း တံတားကျိုးတာပေါ့။ မနေ့ကအထိ တံတားဘောင်ကို ရေမရောက်ဘူး။ အခု ဒိုးသောင်၊ ပြုံးချောင်း၊ သရက်တော၊ ရှမ်းဝတီးက မနှစ်ကထက် ရေပိုတက်တာ။ အခုမနက်ထိလည်း ရေတိုးလာနေတုန်းပဲ”လို့ ဒေသခံ တောင်ငူ မြတ်စောညီနောင်ဘက် ရွှေတံတားကျေးရွာအပိုင်မှာ နေထိုင်သူ အမျိုးသမီးတစ်ဦးက MT News ကို ပြောပါတယ်။
မနေ့ကလည်း စစ်တောင်းမြစ် ရေကြီးရေလျှံမှုကြောင့် ရေလွတ်ရာကို ရှောင်တိမ်းရင်း အုတ်တွင်းမြို့နယ် အပိုင်ဘက်ခြမ်းက ထန်းတပင်ကျေးရွာနဲ့ မြင်းစုကျေးရွာတို့မှာ အမျိုးသားနှစ်ဦး ရေစီးနဲ့ မျောပါသေဆုံးခဲ့ပြီး ရုပ်အလောင်း ပြန်လည်ဆယ်ယူရရှိလို့ နေထိုင်ရာ ကျေးရွာတွေဆီ လူမှုကူညီရေးအသင်းတွေက ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။
အလားတူပဲ မနေ့က ဇူလိုင် ၂၈ ရက်နေ့ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း ဇော်ဂျီချောင်းပေါ်မှာ တည်ဆောက်ထားပြီး ပင်းတယ -ရပ်စောက် ဆက်သွယ်ထားတဲ့ မိုင်းအင်တံတား ရေတိုက်စားခံရလို့ ကျိုးခဲ့တာကြောင့် အောင်ပန်း၊ ပင်းတယ၊ ဗထူး၊ ရွာငံ၊ ရပ်စောက်သွားမယ့် ခရီးသည်တင်ကား ကုန်တင်ကားတချို့လည်း လမ်းမှာ ပိတ်မိနေတယ်လို့ ဒေသခံတချို့ထံကနေသိရပါတယ်။ မနေ့က ဇူလိုင် ၂၈ ရက်က ရှမ်းတောင်ဘက် တောင်ကျရေစီးဆင်းမှုကြောင့် ပင်းတယ၊ အောင်ပန်း၊ ကလောမြို့တွေက ချောင်းနားနီးတဲ့ အနိမ့်ပိုင်း ရပ်ကွက်တွေ ရေဝင်ရောက်ခဲ့ပေမယ့် အခုအခါ ရေပြန်ကျနေပြီလို့လည်း သိရပါတယ်။
တောင်ကျရေ ရုတ်တရက် စီးဆင်းတိုက်စားလို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပင်းတယမြို့နယ်အပိုင်ထဲက ကုန်းစောင်းကျေးရွာမှာတော့ အိမ်ခြေ ၁၅ လုံးခန့် ပျက်စီးခဲ့ပြီး လူ ငါးဦး သေဆုံးကာ ပျောက်ဆုံးနေတဲ့ သုံးဦးကတော့ ဒီနေ့ ဇူလိူင် ၂၉ ရက်နေ့မနက်မှာ ပြန်တွေ့တယ်လို့လည်း သိရပါတယ်။
အောင်ပန်းနာရေးကူညီမှုအသင်းတာဝန်ရှိသူက “ဒီနေ့ ကျွန်တော်တို့ ပင်းတယက လူသေပျောက်ခဲ့တဲ့ ကုန်းစောင်းရွာကို သွားနေကြပါတယ်။ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ဖို့ပါ။ ပျက်စီး အိမ်ခြေနဲ့ မြေနေရာ ပြန်လည်အစားထိုးနေထိုင်နိုင်အောင် ရေဘေးသင့် ပြည်သူတွေ လိုအပ်တာကို ဆောင်ရွက်ပေးဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော်တို့မှာ အလှူရှင်လည်း ရထားပြီးပါပြီ” လို့ ဆိုပါတယ်။


