Photo credit - Zin Moe
၂၉.၇.၂၀၂၅
Written by Hey Mar
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဘိုကုန်းဈေးအနီးက သံလွင်ဆိပ်ခံတံတားအဟောင်း အုတ်ခုံပေါ် သူငယ်ချင်းနှစ်ဦးထိုင်ပြီး အရက်အတူသောက်ရာကနေ တစ်ဦးရေထဲပြုတ်ကျကာ တစ်ဦးမှာ ပျောက်ဆုံးနေတဲ့အတွက် ဒီနေ့ ဇူလိုင်လ၂၉ ရက်နေ့မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က မနေ့က ဇူလိုင် ၂၈ ရက်နေ့ ညပိုင်းကဖြစ်ပွားခဲ့ပြီး အဆိုပါဆိပ်ခံတံတားဟာ အရင်က သင်္ဘောဆိပ်ကမ်းအဖြစ် အသုံးပြုပေမယ့် အခုအခါ အသုံးမပြုတော့တာကြာပြီဖြစ်တဲ့အတွက် ဒေသခံတချို့ အရက်ဝိုင်းဖွဲ့တာ၊ ငါးမျှားတာမျိုး လာရောက်လုပ်ကိုင်လေ့ရှိတဲ့နေရာလို့ သိရပါတယ်။
ဒေသခံ ပရဟိတစေတနာ့ဝန်ထမ်းတစ်ဦးက “သူတို့ သူငယ်ချင်းနှစ်ယောက် အတူထိုင်သောက်နေပြီး တစ်ယောက်က ပြုတ်ကျသွားတယ်၊ တစ်ယောက်က ထွက်သွားတာကို မြင်တဲ့သူက ဖုန်းဆက်အကြောင်းကြားလို့ ရဲတွေလည်းရောက်လာကြတယ်။ မနေ့ကတော့ ညနက်နေတာနဲ့ ရေကလည်းတက်နေလို့ ရှာလို့မလွယ်ဘူး။ ဒီမနက်လည်း အခုထိ ရှာနေတုန်းပဲ” လို့ ညနေ သုံးနာရီ ဝန်းကျင်အချိန်မှာ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သံလွင်မြစ်ထဲ ပြုတ်ကျသွားသူက မော်လမြိုင်မြို့ မောင်ငံရပ်နေ ကိုအောင်နိုင်လင်း (၄၀)နှစ်ဖြစ်ပြီး သူငယ်ချင်း(၂)ယောက် အရက်ထိုင်သောက်နေရာမှ အခုလို ဖြစ်သွားပြီး နောက်တစ်ယောက်က ပျောက်ဆုံးနေကာ အဆိုပါပျောက်ဆုံးနေသူ သူငယ်ချင်းဖြစ်သူရဲ့ နေအိမ်ဆီ တာဝန်ရှိသူတွေ သွားရောက်မေးမြန်းပေမယ့် မနေ့က ညကတည်းကအိမ်ပြန်မအိပ်ကြောင်းသာ သိရှိရသေးတယ်လို့ ဆိုပါတယ်။
“ဖြစ်စဉ် အခြေအနေတွေကတော့ ကာယကံရှင်နဲ့ မိသားစုတွေက ဘာမှန်းမသိရသေးတော့ လတ်တလော တစ်ဦးပြုတ်ကျတယ်၊ နောက်တစ်ဦး ပျောက်နေတယ်လောက်ပဲ။ ဘာမှတ်ချက်မျိုးမှ ပြောလို့မရသေးဘူး။ ပျောက်နေတဲ့ သူငယ်ချင်းဆိုသူကို တွေ့မှပဲ သေသေချာချာ သိရမယ်” လို့ မြေပြင်မှာ အကူအညီပေးနေတဲ့ ဒေသခံ ပရဟိတစေတနာ့ဝန်ထမ်းတစ်ဦးကပြောပါတယ်။
ပြုတ်ကျသူ စီးခဲ့တဲ့ဆိုင်ကယ်နဲ့ ဘောတံတားပေါ်မှာ ဖိနပ်နဲ့ သောက်လက်စလို့ယူဆရတဲ့ပုလင်း၊ ဘီယာခွက်တွေလည်းတွေ့ရတယ်လို့ ဆိုပါတယ်။ မိုးအဆက်မပြတ်ရွာနေကာ မြစ်ရေကလည်း အစီးကြမ်းပြီး ရေလည်းများနေတဲ့အတွက် ရှာရခက်နေတယ်လို့လည်း ဆိုပါတယ်။




