
၂၉. ၇. ၂၀၂၅
Translated by Thettant
ဒယ်လ်တာလေကြောင်းလိုင်း (Delta Airlines) မှ အိန္ဒိယနွယ်ဖွား လေယာဉ်မှူးတစ်ဦးသည် ကလေးသူငယ်များအပေါ် လိင်အလွဲသုံးစားပြုမှုစွဲချက်ဖြင့် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆန်ဖရန်စစ္စကိုအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်ဆိုက်ရောက်ပြီးပြီးချင်း ဖမ်းဆီးခံခဲ့ရသည်။
ဒယ်လ်တာလေကြောင်းလိုင်းမှ အသက် ၃၄ နှစ်အရွယ် အိန္ဒိယနွယ်ဖွား လေယာဉ်မှူး ရူစတမ် ဘာဂ်ဝါဂါသည် စနေနေ့ည ဒေသစံတော်ချိန် ၉ နာရီ ၃၅ မိနစ်ခန့်က ကလေးငယ်တစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုကျူးလွန်သည်ဟု စွပ်စွဲချက်များနှင့် ပတ်သက်၍ လေဆိပ်သို့ ဆင်းသက်ပြီးပြီးချင်း လေယာဉ်မှူးခန်းတွင်ပင် စီးနင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ကွန်ထရာ ကော့စ်တာ ကောင်တီရဲမှူးရုံးက အမေရိကန်ပြည်ထောင်စု ပြည်တွင်းလုံခြုံရေးဌာန၏ အဆိုကို ကိုးကားပြီး ဘာဂ်ဝါဂါနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်ထုတ်ပြန်ခဲ့ရာ အသက် ၃၄ နှစ်အရွယ် လေယာဉ်မှူးသည် အသက် ၁၀ နှစ်အောက် ကလေးငယ်တစ်ဦးနှင့် ပါးစပ်ဖြင့် လိင်ဆက်ဆံမှု ၅ ကြိမ် ရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။
ယခုနှစ် ဧပြီလကတည်းက ရဲတပ်ဖွဲ့သည် အဆိုပါအမှုကို စုံစမ်းဆောင်ရွက်နေခဲ့ကာ ဇူလိုင်လ ၂၆ ရက်နေ့ ည ၉ နာရီ ၃၅ မိနစ်ခန့်တွင် မင်နီယာပိုလစ်မှ လာသော ဒယ်လ်တာ လေယာဉ်အမှတ် ၂၈၀၉ (Delta Flight 2809) ကို တက်ရောက်စီးနင်းခဲ့ကြခြင်းဖြစ်သည်။ ဘာဂ်ဝါဂါသည် ဒယ်လ်တာလေကြောင်းလိုင်း၏ တွဲဖက်လေယာဉ်မှူးတစ်ဦး ဖြစ်ကာ ၎င်းကို ကလေးသူငယ်လိင်ပြုကျင့်မှုပိုင်းဆိုင်ရာ စွဲချက်များဖြင့် ဆန်ဖရန်စစ္စကိုလေဆိပ်တွင် ဖမ်းဆီးခဲ့ပြီးနောက် ကွန်ထရာ ကော့စ်တာ ကောင်တီ ရဲမှူးရုံးက ဧပြီလကတည်းက ဘာဂ်ဝါဂါနှင့် ပတ်သက်သည့် လိင်ကျူးလွန်မှုကိစ္စရပ်တစ်ခုလုံးကို စုံစမ်းစစ်ဆေးနေခဲ့ကြောင်း ပြောခဲ့ပြီး အသေးစိတ်အချက်အလက်များကို ဇူလိုင် ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဘာဂ်ဝါဂါကို ဖမ်းဆီးသည့် ဗီဒီယိုတစ်ခုလည်း အွန်လိုင်းတွင် ပေါ်ထွက်ခဲ့သည်။
မျက်မြင်သက်သေများက ဘာဂ်ဝါဂါကို စီးနင်းဖမ်းဆီးသည့်အရာရှိများသည် သေနတ်များပါ ကိုင်ဆောင်လာခဲ့ကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။ အနည်းဆုံး ဥပဒေစိုးမိုးရေးဝန်ထမ်း ၁၀ ဦးသည် လေယာဉ်မှူးကို ဖမ်းဆီးရာတွင် ပါဝင်ခဲ့ကြောင်း မီဒီယာအဖွဲ့အစည်းများက ဖော်ပြခဲ့သည်။ ဒယ်လ်တာလေကြောင်းလိုင်းသည် ဘာဂ်ဝါဂါကို ဖမ်းဆီးခံရပြီးနောက် လေယာဉ်မှူးရာထူးမှ ဆိုင်းငံ့ထားလိုက်ပြီဖြစ်သည်။ ဘာဂ်ဝါဂါကို ကယ်လီဖိုးနီးယားပြည်နယ်၊ မာတီနက်ဇ် (Martinez) ရှိ ထိန်းသိမ်းရေးဌာနတွင် ဒေါ်လာငါးသန်းအာမခံဖြင့် ထိန်းသိမ်းထားဆဲဖြစ်သည်။
Ref ., FPJ
