၂၆.၇.၂၀၂၅
Written By Zun
မူဆယ်မြို့ တောင်ပေါ်ဘုရားအနီး အမျိုးသမီးတစ်ဦးကို ဓားဖြင့်ခုတ်၍ ပိုက်ဆံအိတ်လုယက်မှုဖြစ်ပွားခဲ့ပြီး ဓားဖြင့် အခုတ်ခံရသည့် အမျိုးသမီး သေဆုံးမှု ယနေ့ ဇူလိုင်လ ၂၆ ရက် နံနက် ၉ နာရီ ကျော် အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူ အမျိုးသမီးမှာ အသက် ၄၀ အရွယ်ဖြစ်ပြီး ယင်း၏ခင်ပွန်းမှာ တောင်ပေါ်ဘုရားတွင် အလှူငွေကောက်ခံရေးဌာန၌ ကုသိုလ်ယူလုပ်ကိုင်နေသူ ဖြစ်ကြောင်းလည်း သိရသည်။
“အချက်ပေါင်းများစွာပေါ့။ ခုတ်တာက။ တစ်ကိုယ်လုံး ဒဏ်ရာချည်းပဲ။ အလောင်းကိုတော့ မူဆယ်ဆေးရုံကို ပို့ထားတယ်”ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။
ယမန်နေ့ ဇူလိုင်လ ၂၅ ရက်ကလည်း မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်အနီးတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသမီးတစ်ဦးကို အမည်မသိ အမျိုးသား ၃ ဦးက ကားဖြင့်လာရောက်၍ ပြန်ပေးဆွဲသွားကြောင်း လူမှုကွန်ရက်တွင် ရေးသားနေကြသော်လည်း MT News က သီးခြားအတည်ပြု၍ မရသေးပေ။
အလားတူ ဇူလိုင်လ ၂၄ ရက်ကလည်း မူဆယ်မြို့ တွင် သေနတ်ဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် အမျိုးသမီး၂ ဦး သေဆုံးမှု ဖြစ်ပွားခဲ့သေးကြောင်း MT News က ဖော်ပြခဲ့သေးသည်။
“မူဆယ်ကတော့ နည်းနည်း ကြမ်းလာတယ်။ အမှုအခင်းတွေဖြစ်တာ ရက်ဆက်ဆိုသလို ရှိနေတယ်။ ကျွန်တော်တို့ ပြောချင်တာ ရှိပါတယ်။ ဘာလဲဆိုတော့ ကိုင်တွယ်ဖြေရှင်းမှုပေါ့ဗျ။ ဥပဒေစိုးမိုးရေးကို သေသေချာချာ လုပ်စေချင်တယ်။ အဖွဲ့တွေကလည်း သေနတ်နဲ့ တစ်မျိုး၊ ဓားနဲ့တစ်မျိုး ဖြစ်နေကြတာဆိုတော့လေ။ နယ်စပ်မြို့ဆိုတော့ အဲလိုတွေ အမှုအခင်းဖြစ်တာ များနေရင် သိပ်ပြီး အဆင်မပြေဘူးလို့ပြောချင်ပါတယ်”ဟု မူဆယ်တွင် နေထိုင်သူတစ်ဦးက MT News ကို ပြောသည်။

