၂၆.၇.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးက အပစ်အခတ်ရပ်စဲကြဖို့နဲ့ နယ်စပ်ဒေသမှ သူတို့ရဲ့တပ်တွေကို ရုပ်သိမ်းကြဖို့ သဘောတူခဲ့ကြတယ်လို့ မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတွက် အန်ဝါ အီဘရာဟင်က ဇူလိုင် ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံစလုံးအနေနဲ့ သူတို့ရဲ့တပ်ဖွဲ့တွေကို နယ်စပ်မှာ တပ်စွဲထားပြီးဖြစ်ကြလို့ တပ်တွေ ပြန်လည်ဆုတ်ခွာဖို့ အချိန်လိုအပ်တဲ့အတွက် နှစ်ဖက်သဘောတူထားပေမယ့် အချိန်အနည်းငယ်တောင်းဆိုထားကြတယ်လို့ အန်ဝါက ပြောခဲ့ပါတယ်။
“မနေ့က(ဇူလိုင် ၂၄ ရက်)မှာ မလေးရှားရဲ့ ရပ်တည်ချက်နဲ့ သူတို့ရဲ့ ကျွန်တော်တို့ကို အလေးထားလိုလားမှုတွေအတွက် ထိုင်းကြားဖြတ်ဝန်ကြီးချုပ်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့နဲ့ ကျွန်တော် ဖုန်းပြောခဲ့ပါတယ်” လို့ အန်ဝါက ပြောခဲ့ပါတယ်။
“သူတို့နဲ့ ဖုန်းပြောမှုမှာ နှစ်ယောက်စလုံးက လေးလေးစားစား တုံ့ပြန်ကြလို့လည်း ကျေးဇူးတင်ပါတယ်။ ဒါကလည်း မလေးရှားနိုင်ငံဟာ ငြိမ်းချမ်းပြီး တည်ငြိမ်တဲ့ နိုင်ငံဖြစ်လို့ပါ” လို့ အန်ဝါက အမျိုးသားမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ဆက်လက်ပြောကြားခဲ့ပါတယ်။
အစောပိုင်းသတင်းတွေအရ ထိုင်းနဲ့ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေဟာ အငြင်းပွားနယ်စပ်ဒေသမှာ ဇူလိုင် ၂၄ ရက်က နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေစတင်ခဲ့တာပါ။ ဒီအတွက် နှစ်ဖက်စလုံးကလည်း တစ်ဦးကိုတစ်ဦး အပြန်အလှန် အပြစ်တင်ခဲ့ကြပါတယ်။
နှစ်နိုင်ငံအကြား သူတို့ရဲ့ အတိအကျ ပိုင်းခြားသတ်မှတ်ရခြင်းမရှိသေးတဲ့ ၈၁၇ ကီလိုမီတာ ရှည်တဲ့ နယ်နိမိတ်အတွက် ဆယ်စုနှစ်များစွာ သဘောထားကွဲလွဲခဲ့ကြပြီး ဒီအငြင်းပွားမှုက နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေးကို ဆက်လက် တင်းမာစေခဲ့တာပါပဲ။
မလေးရှားဝန်ကြီးချုပ်က ဇူလိုင် ၂၅ ရက်မှာ ခုလိုပြောခဲ့ပေမယ့် ထိုင်းနဲ့ ကမ္ဘောဒီးယားတပ်ဖွဲ့တွေဟာ ဇူလိုင် ၂၆ ရက်နံနက်မှာ ဆက်လက်ပစ်ခတ်တိုက်ခိုက်နေကြသေးတယ်လို့ သိရပါတယ်။
Ref- The Star
