လူမှုကွန်ရက်တွင် ပျံနှံ့နေသည့်အခင်းဖြစ်ရာကိုယ်ပိုင်ကျောင်းနှင့် ဆရာဦးကြည်လင်းသန့်မိတ်ဆွေတစ်ဦး၏ မှတ်ချက်

၂. ၂. ၂၀၂၃
Written by Tha Doe

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ကိုယ်ပိုင်ကျောင်းတစ်ခုတွင် ကျောင်းခေါင်မိုးမှခုန်ကျမည့် ကျောင်းသူတစ်ဦးကို ဆရာက လိုက်လံကယ်ဆယ်ရာမှ နှစ်ဦးစလုံးပြုတ်ကျ သေဆုံးခဲ့မှု ယမန်နေ့ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ပုဗ္ဗသီရိမြို့နယ်တွင် နေထိုင်ပြီး ထိုမြို့နယ်ရှိ ကိုယ်ပိုင်ကျောင်းတစ်ခု၌ Grade 10 တွင် ပညာသင်ယူနေသူ အသက် ၁၆ နှစ်အရွယ် ကျောင်းသူမဆု…သည် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ပေ (၅၀) ခန့်အမြင့်ရှိ ကျောင်းခေါင်မိုးပေါ်သို့ တက်ပြီး ကျောင်းရှေ့မျက်နှာစာသို့ ခုန်ချရန် ကြိုးစားနေသည်ကို အားလုံးကတားပြီး ခုန်မချရန် ဝိုင်းဝန်း တောင်းပန်သော်လည်း ခုန်ချရန် ကြိုးစားနေသဖြင့် ဆရာဦးကြည်…က ခေါင်မိုးပေါ်တက်ပြီး ၎င်းကျောင်းသူအား ဆွဲခေါ်ရန် ကြိုးစားခဲ့ရာ ကျောင်းသူက အောက်သို့လျှောချသည်ကို ဆရာဦးကြည်လင်းသန့်က လှမ်းဆွဲရာ နှစ်ဦးစလုံးအောက်သို ပြုတ်ကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပေ ၅၀ ခန့် ကျောင်းခေါင်မိုးအမြင့်မှ ထိုသို့ပြုတ်ကျမှူကြောင့် ဆရာဦးကြည်လင်းသန့်မှာ ညနေ (၅) နာရီခန့်တွင် ကွယ်လွန်သွားခဲ့ပြီး ကျောင်းသူမှာ မဆု….သည် ညနေ ၅ နာရီ၂ဝ ခန့်တွင် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဥ်တွင် ကွယ်လွန်ရသူဆရာဦးကြည်လင်းသန့်မှာ အသက် ၂၂ ခန့်သာရှိသေးသော လူငယ်ကွန်ပျုတာဆရာတစ်ဦးဖြစ်ပြီး တပည့်အများစုက ချစ်ခင်လေးစားရသူဖြစ်ကြောင်းလည်း ဆရာဦးကြည်လင်းသန့်၏ မိတ်ဆွေတစ်ဦးက Facebook တွင် မှတ်ချက်ပြုထားသည်ကို တွေ့မြင်ရပြီး Moe Linn နာမည်ဖြင့် Facebook သုံးစွဲသူကလည်း “ဟူးးးးး Kyi Lin Thant နာသုံးနာနဲ့ ပြည့်စုံတဲ့ ဆရာကောင်းတစ်ယောက်ဖြစ်ပေမဲ့ ၂၂ နှစ်ဆိုတာ ငယ်လွန်းသေးတယ် ညီလေးရာ။ ကောင်းရာသုဂတိလားပါစေကွာ” ဟု ဝမ်းနည်းစကားဆိုထားသည်ကို တွေ့ရသည်။

MT News သတင်းဌာနအနေဖြင့် ကျောင်းသူနှင့် ဆရာပါ သေဆုံးမှုဖြစ်ပွားစေခဲ့သည့် ကျောင်းသူခုန်ချရမှုအပေါ် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ကိုယ်ပိုင်ကျောင်းကို ဆက်သွယ်မေးမြန်းနေပြီး ထပ်မံသိရှိရသည်များကို ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *