Photo- Forty One Rescue

MT News

Written by Nyein Kyaw

ဒီဇင်ဘာ ၃၁ ရက်က မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းနှင့် ဘုရင့်နောင်လမ်းဆုံတွင် မီးနီဖြတ်လာသည့် ကုန်ကားတစ်စီးက စက်ဘီးဖြင့် Delivery ပို့သည့် အမျိုးသမီးတစ်ဦးအား ဖြတ်တိုက်သဖြင့် သေဆုံးခဲ့ပြီး သေဆုံးသူအမျိုးသမီးတွင် ၎င်းအား မှီခိုနေသည့်သားသမီး သုံးယောက်ကျန်ရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က ယာဥ်ထိန်းရုံးက ပြောသလောက်ပဲသိတယ်။ သူကတော့ ဗထူးလမ်းကနေပြီး ထွက်လာတာ၊ ကားသမားက မီးနီလာတာကို ဖြတ်မောင်းလာတာလို့ ပြောတယ်။ တိုက်မိတာက ကားရဲ့ပြောင်းပြန်ဘက်ခြမ်းဆိုတော့ သူကပွိုင့်စိမ်းလို့ထွက်လာတာ။ ကားက မီးဝါတွေ့လို့ တစ်အားကုန်မောင်းလာတာဖြစ်မယ်။ ဒါပေမဲ့ သူမီးပွိုင့်နားရောက်ကာနီးကျတော့ မီးကနီနေပြီ။ အရှေ့မှာကားရှိလို့ ကားကျော်တက်တယ်ဆိုလားပဲ။ တစ်ဖက်ယာဥ်ကြောမှာ တိုက်မိပြီး လူကလွင့်ပြီး ခေါင်းနဲ့လမ်းနဲ့ဆောင့်မိတယ်။ ဒီနေ့ DB ကို ရေဝေးကိုပို့တော့ မျက်နှာတစ်ခြမ်းက မဲပြီးတော့နည်းနည်းတော့ ပုံပျက်နေတယ်” ဟု သေဆုံးသူအမျိုးသမီး၏ မောင်ဖြစ်သူက ပြောသည်။

လက်ရှိတွင် ကုန်ကားမောင်းသည့် ယာဥ်မောင်းနှင့် ကုန်ကားကိုပါ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“တရားခံမိထားတယ်။ စခန်းမှာ လူရောကားရော။ ကျွန်တော်တို့ကိုတော့ ပေးမတွေ့ဘူး” ဟု သေဆုံးသူအမျိုးသမီး၏ မောင်ဖြစ်သူက ပြောသည်။

သေဆုံးသွားသည့် အမျိုးသမီး၏ နာရေးကိစ္စရပ်များကို မြောက်ဒဂုံမြို့နယ်၊ ၃၉ ရပ်ကွက် အမှတ် (၅) ဈေးအနီးရှိ ဓမ္မသိဒ္ဓိဓမ္မာရုံတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့ (မနက်ဖြန်) ညနေ ၄ နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အိမ်က ပြန်ဆောက်နေတာ အိမ်ဖြိုပြီး ပြန်ဆောက်နေတာဆိုတော့ အိမ်ကလည်း တစ်ပတ်ဆယ်ရက်လောက်ဆို အိမ်ကပြီးပြီ လတ်တလော အခုနေတာက ဓမ္မာရုံမှာ” ဟု ၎င်းက ပြောသည်။

သေဆုံးသွားသည့် ‌ဒေါ်ဇူလိုင်မိုးမိုး (ခ) မိုးမိုး သည် အသက် ၃၉ နှစ်အရွယ်ရှိပြီး သားသမီး သုံးယောက်ကျန်ရှိခဲ့သည်။ အကြီးဆုံးသားက ပထမနှစ်ကျောင်းသားဖြစ်ပြီး ဒုတိယသားက အလယ်တန်းကျောင်းသားဖြစ်ကာ အငယ်ဆုံးသမီးလေးက အသက်လေးနှစ်ကျော်သာရှိသေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *