၁၇. ၇. ၂၀၂၅
Translated by Thettant
မြန်မာအိမ်အကူအမျိုးသမီးငယ်အား သေစေသည်အထိ ညှင်းပန်းနှိပ်စက်မှု ကြံရာပါတရားခံအဖြစ် တာဝန်မှ ဆိုင်းငံ့ခံထားရသော ရဲအရာရှိ ကီဗင် ချယ်လ်ဗမ်အား စင်ကာပူနိုင်ငံ၏ အဆိုးရွားဆုံး သေဆုံးစေသည်အထိ အိမ်အကူညှင်းပန်းနှိပ်စက်မှုများထဲမှ တစ်ခုတွင် ပါဝင်ပတ်သက်မှုဖြင့် ကြာသပတေးနေ့ (ဇူလိုင် ၁၇ ရက်) တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသည်။
ပြီးခဲ့သည့် ဧပြီလတွင် ပြုလုပ်ခဲ့သော တရားစီရင်ရေးပြီးနောက် ခရိုင်တရားသူကြီး တို့အိုင်လင်က အသက် ၄၆ နှစ်အရွယ် ယာဉ်ထိန်းဌာနမှ ရဲအရာရှိ ချယ်လ်ဗမ်အား မြန်မာအိမ်အကူ ချင်းအမျိုးသမီး ပိုင်ငိုက်ဒွန် (Piang Ngaih Don)၊ အသက် ၂၄ နှစ်အား အစာငတ်ခံစေခြင်းဖြင့် ပြင်းထန်စွာ နာကျင်စေရန် ၎င်း၏ဇနီးဟောင်း ဂိုင်ယာသီရီ မူရူဂါယန်ကို အားပေးကူညီမှု တစ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့အပြီး ထပ်မံချမှတ်ခြင်းလည်းဖြစ်သည်။
ပိုင်ငိုက်ဒွန်၏ အလုပ်ရှင်အဖြစ် မှတ်ပုံတင်ထားသော ချယ်လ်ဗမ်အား သူမ၏ဆံပင်ကို ဆွဲ၍ မြေပြင်မှ မြှောက်တင်ခြင်းဖြင့် နာကျင်စေမှု တစ်မှုဖြင့်လည်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။ တရားသူကြီးက ရဲအရာရှိတစ်ဦးအား မှားယွင်းသောအချက်အလက်ပေးမှု နှင့် ၎င်း၏ဘီရှန် (Bishan) တိုက်ခန်းတွင် တပ်ဆင်ထားသည့် CCTV မှတ်တမ်းတင်စက်ကို ဖျက်ဆီးခြင်းဖြင့် အမှုနှင့်ပတ်သက်သည့် သက်သေအထောက်အထားများ ပျောက်ဆုံးစေမှု တစ်မှုစီဖြင့်လည်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။
ချယ်လ်ဗမ်ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည့် အဓိကပုဒ်မများမှာ အိမ်အကူ ပိုင်ငိုက်ဒွန်အား အစာငတ်ခံစေခြင်းဖြင့် ပြင်းထန်စွာ နာကျင်စေရန် ၎င်း၏ဇနီးဟောင်း ဂိုင်ယာသီရီ မူရူဂါယန်ကို အားပေးကူညီမှု၊ ပိုင်ငိုက်ဒွန်၏ ဆံပင်ကို ဆွဲ၍ မြေပြင်မှ မြှောက်တင်ခြင်းဖြင့် နာကျင်စေမှု၊ ရဲအရာရှိတစ်ဦးအား မှားယွင်းသော အချက်အလက်ပေးမှု၊ ၎င်း၏တိုက်ခန်းရှိ CCTV မှတ်တမ်းတင်စက်ကို ဖျက်ဆီးခြင်းဖြင့် အမှုနှင့်ပတ်သက်သည့် သက်သေအထောက်အထားများ ပျောက်ဆုံးစေမှု အားလုံးအတွက် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး ယနေ့ ဇူလိုင် ၁၇ ရက်နေ့တွင်မူ ချယ်လ်ဗမ်အား ပိုင်ငိုက်ဒွန် အပေါ် ရာဇဝတ်မှုကျူးလွန်သည့် နောက်ဆုံးစွဲချက်ဖြစ်သော ပဉ္စမမြောက်စွဲချက်အတွက် ပြစ်ဒဏ်မှ တရားသေကင်းလွတ်ခွင့် ပေးခဲ့သည်။ ဆိုလိုသည်မှာ ၎င်းအား တူညီသောပြစ်မှုအတွက် ထပ်မံစွဲချက်တင်နိုင်မည် မဟုတ်ပေ။

အဆိုပါ ပြစ်ဒဏ်များမချမှတ်မီ တရားသူကြီး တေအိုင်လင်က CCTV မှတ်တမ်းသည် အရေးကြီးဆုံးသက်သေခံချက်ဖြစ်ကြောင်းနှင့် ချယ်လ်ဗမ်သည် ရဲအရာရှိတစ်ဦးအနေဖြင့် ၎င်း၏တန်ဖိုးကို သိရှိကြောင်း အလေးပေးပြောကြားခဲ့သည်။ တရားသူကြီးက CCTV မှတ်တမ်းတင်စက်ကို ပြန်လည်မရရှိခဲ့ပါက ပိုင်ငိုက်ဒွန်သည် သူမ၏ဘဝ၏ နောက်ဆုံးရက်များတွင် ဖြစ်ပျက်ခဲ့သည်များကို “သူမ၏သင်္ချိုင်းသို့ ယူဆောင်သွားနိုင်သည်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
တရားသူကြီး တေအိုင်လင်က အိမ်အကူ၏ တရားဝင်အလုပ်ရှင်တစ်ဦးအနေဖြင့် ချယ်လ်ဗမ်သည် သားကောင်အား လုံလောက်သော အစားအစာနှင့် အနားယူခွင့်ရရှိရန် တာဝန်ရှိကြောင်းလည်း ထောက်ပြခဲ့သည်။ ဂါယာသီရီနှင့် ၎င်း၏မိခင်တို့ ကျူးလွန်ခဲ့သော ညှင်းပန်းနှိပ်စက်မှုများကို ရပ်တန့်ခဲ့သင့်ကြောင်း သူမက ပြောကြားခဲ့သည်။ သို့သော် ၎င်းတို့အမျိုးသမီးနှစ်ဦးက သူမအား ညှင်းပန်းနှိပ်စက်နေစဉ်တွင် ချယ်လ်ဗမ်ကလည်း ပီယန်းငိုက်ဒွန်ကို ရိုက်နှက်ခဲ့သည်။
တရားသူကြီးက “(သူ၏) တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် လုပ်ရပ်များသည် လူသားဆန်မှု ကင်းမဲ့စေသည်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ်တွင် သေဆုံးချိန်၌ ကိုယ်အလေးချိန် ၂၄ ကီလိုဂရမ်သာရှိခဲ့သော မြန်မာအိမ်အကူအား ညှင်းပန်းနှိပ်စက်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူ သုံးဦးအနက် ချယ်လ်ဗမ်သည် နောက်ဆုံးလူဖြစ်သည်။ ပိုင်ငိုက်ဒွန်သည် ၂၀၁၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် ချယ်လ်ဗမ်၏မိသားစုအတွက် အလုပ်စတင်ချိန်၌ ကိုယ်အလေးချိန် ၃၉ ကီလိုဂရမ် ရှိခဲ့သဖြင့် တစ်နှစ်မပြည်မီကာလအတွင်း ၁၅ ကီလိုဂရမ်လျော့ကျအောင် အစာငတ်၊ ရေငတ် ညှင်းပန်းနှိပ်စက်ခံခဲ့ရရှာသည်။
ချယ်လ်ဗမ်အား ၂၀၁၆ ခုနှစ်၊ ဩဂုတ်လမှစ၍ စင်္ကာပူရဲတပ်ဖွဲ့မှ ဆိုင်းငံ့ထားခဲ့သည်။ ချယ်လ်ဗမ်နှင့် ဂိုင်ယာသီရီ တို့သည် ၂၀၂၀ ပြည့်နှစ်တွင် ကွာရှင်းခဲ့ကြသည်။ ၂၀၂၁ ခုနှစ်တွင် ဂိုင်ယာသီရီ (ထိုစဉ်က အသက် ၄၁ နှစ်) အား ပိုင်ငိုက်ဒွန်အား ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုဖြင့် နှစ် ၃၀ ထောင်ဒဏ် ချမှတ်ခဲ့သည်။ ၎င်းသည် အိမ်အကူညှင်းပန်းနှိပ်စက်မှုအမှုတွင် ချမှတ်ခဲ့သော အရှည်ကြာဆုံး ထောင်ဒဏ်ဖြစ်သည်။ နှစ်နှစ်အကြာတွင် ၎င်း၏မိခင် ပရီမာ အက်စ် နာရာနေးဆာမီ (Prema S. Naraynasamy) (ထိုစဉ်က အသက် ၆၄ နှစ်) အား အမှုတွင် ပါဝင်ပတ်သက်မှုအတွက် ၁၇ နှစ် ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။ အမျိုးသမီးနှစ်ဦးစလုံးက ၎င်းတို့၏စွဲချက်များကို ဝန်ခံခဲ့ကြသည်။
လူသတ်တရားခံ သားအမိနှစ်ဦးသည် ပိုင်ငိုက်ဒွန်အား အနည်းဆုံး ၃၅ ရက်ကြာအောင် လုံလောက်သော အစားအစာ မပေးခဲ့ပေ။ သူမသေဆုံးချိန်တွင် ကိုယ်အလေးချိန်ညွှန်းကိန်း (BMI) မှာ ၁၁ ဒသမ ၃ သာရှိခဲ့ပြီး ကျန်းမာသော ကိုယ်အလေးချိန်ညွှန်းကိန်း (၁၈ ဒငမ ၅ မှ ၂၂ ဒသမ ၉ နှင့် များစွာကွာခြားခဲ့သည်။
ယခင်တရားစီရင်မှုများတွင် တရားသူကြီးက ဂိုင်ယာသီရီသည် အိမ်အကူအား အငတ်ထားသည်ကို သိရှိသော်လည်း ချယ်လ်ဗမ်က ဝင်ရောက်စွက်ဖက်ရန် ရွေးချယ်ခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ ပိုင်ငိုက်ဒွန်သည် ဆားနှင့် ဟင်းခတ်အမွှေးအကြိုင်များကို ခိုးစားကာ ဗိုက်ဆာခြင်းကို ပြေပျောက်စေခဲ့ရသည်။ ချယ်လ်ဗမ်၏ တရားစီရင်မှုတွင် သက်သေခံခဲ့ကြသော ဆရာဝန်များက အိမ်အကူ၏ ခြေလက်များသည် အရေပြားဖြင့် အရိုးများကိုသာ ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေကြောင်း ပြောကြားခဲ့သည်။ သူမ၏ ကိုယ်အလေးချိန်ညွှန်းကိန်းသည် အဆင့်မြင့်ကင်ဆာ သို့မဟုတ် တီဘီရောဂါ ပြင်းထန်စွာ ခံစားနေရသူတစ်ဦးနှင့် ဆင်တူကြောင်း တရားရုံးသို့ ပြောကြားခဲ့သည်။
ပိုင်ငိုက်ဒွန်သည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် ဦးနှောက်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ၁၄ လကြာ ထပ်ခါတလဲလဲ ညှင်းပန်းနှိပ်စက်ခံရပြီးနောက် လည်ပင်းတွင် ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ သူမသည် မြန်မာနိုင်ငံပြင်ပတွင် ပထမဆုံးအကြိမ်အဖြစ် အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ ပိုင်ငိုက်ဒွန်နှင့် ထိုစဉ်က အသက် ၁ နှစ်နှင့် ၄ နှစ်အရွယ်ရှိသော ချယ်လ်ဗမ်နှင့် ဂိုင်ယာသီရီတို့စုံတွဲ၏ ကလေးနှစ်ဦးကို စောင့်ကြည့်ရန် တိုက်ခန်းတွင် CCTV ကင်မရာများ တပ်ဆင်ထားကြောင်း ဒုတိယပြည်သူ့ရှေ့နေများဖြစ်ကြသော ရှောင်ထေ (Sean Teh)၊ စတက်ဖနီကိုး (Stephanie Koh) နှင့် ချယ်ရွန်လင် (Cheronne Lim) တို့က ပြောကြားခဲ့ရာ စုံစမ်းစစ်ဆေးသူများသည် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှ ဇူလိုင်လ ၂၆ ရက်နေ့အထိ ၃၅ ရက်တာ မှတ်တမ်းများကို ပြန်လည်ရယူခဲ့သည်တွင် ထိုမှတ်တမ်းများအတွင်း ပိုင်ငိုက်ဒွန်အား အိမ်ရှင်ရဲအရာရှိလင်မယားက အပူပေးထားသော မီးပူဖြင့် ကပ်ခြင်း၊ လည်ပင်းညှစ်ခြင်း၊ ပြင်းထန်စွာ လှုပ်ခါခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်းနှင့် နင်းခြင်းတို့ ပါဝင်သည်။
၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ ဆက်တိုက် ၁၁ ညလုံး ဂိုင်ယာသီရီသည် အိမ်အကူ၏ လက်တစ်ဖက်ကို ပြတင်းပေါက်သံဆန်ခါတွင် ကြိုးဖြင့်ချည်နှောင်ထားခဲ့သဖြင့် သူမသည် အိပ်ခန်းကြမ်းပြင်တွင် အိပ်ခဲ့ရသည်။ အဆိုပါနှစ် ဇွန်လ ၂၄ ရက်နေ့တွင် မှတ်တမ်းတင်ထားသော CCTV မှတ်တမ်းအရ ချယ်လ်ဗမ်က အိမ်အကူ၏ ဆံပင်ကို ဆွဲ၍ မြေပြင်မှ မြှောက်တင်သည်ကို ပြသခဲ့သည်။

ပိုင်ငိုက်ဒွန်အား အငတ်ထားသူမှာ ဂိုင်ယာသီရီဖြစ်ပြီး ချယ်လ်ဗမ်က သူမအား လုံလောက်သော အစားအစာရရှိစေရန် ပျက်ကွက်ခဲ့သည်။ ရှေ့နေများက ချယ်လ်ဗမ်သည် မသိကျိုးနပ်ပြုမူခဲ့ပြီး ၎င်း၏ဇနီးဟောင်းကို အပြစ်တင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
သူမသေဆုံးသည့်နေ့တွင် ဂိုင်ယာသီရီနှင့် ပရီမာတို့သည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ ည ၁၁ နာရီ မိနစ် ၄၀ မှ နောက်တစ်နေ့ နံနက် ၅ နာရီခန့်အထိ သူမအား ရိုက်နှက်ခဲ့သည်။ ပိုင်ငိုက်ဒွန်မှာ အိပ်ခန်းကြမ်းပြင်တွင် လှုပ်ရှားမှုမရှိဘဲ ရှိနေသောအခါ ဂိုင်ယာသီရီသည် နံနက် ၉ နာရီခွဲမှ ၉ နာရီ ၄၅ မိနစ်အကြားတွင် ဆရာဝန်တစ်ဦးကို ဆက်သွယ်ခဲ့သည်။ ဆရာဝန်က အိမ်အကူ သေဆုံးနေကြောင်း တွေ့ရှိရပြီး ရဲတပ်ဖွဲ့အား အကြောင်းကြားရန် အမျိုးသမီးများကို ပြောကြားခဲ့သည်။ ဂိုင်ယာသီရီက ၎င်း၏ခင်ပွန်းကို ဆက်သွယ်ခဲ့ပြီး ၎င်းသည် နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် အိမ်သို့ ပြန်ရောက်လာခဲ့သည်။
ကျန်းမာရေးဝန်ထမ်းများက အိမ်အကူ ပိုင်ငိုက်ဒွန် သေဆုံးကြောင်း နံနက် ၁၁ နာရီခွဲတွင် ကြေညာခဲ့သည်။ အိပ်ခန်းအတွင်းတွင် ပရီမာက ချယ်လ်ဗမ်အား CCTV မှတ်တမ်းတင်စက်၊ Hard disk drive များနှင့် သက်သေခံမှတ်တမ်းအချို့ကို ဖျက်ဆီးရန်ပြောခဲ့သည်။ ချယ်လ်ဗမ်က CCTV မှ မှတ်တမ်းများကို ဖျောက်ဖျက်ရန် ဖြုတ်ယူကာ ပရီမာကို ပေးခဲ့သည်။ ရဲတပ်ဖွဲ့သည် နေ့လယ်ပိုင်းတွင် တိုက်ခန်း၌ ရှိနေစဉ် ပရီမာ၏ ချွေးမ ဂိုင်ယာသီရိရောက်လာပြီး ကလေးငယ်များကို ဂရုစိုက်ခဲ့သည်။ ပရီမာသည် မှတ်တမ်းတင်စက်ကို ဂိုင်ယာသီရိ၏ လက်ကိုင်အိတ်ထဲသို့ ထည့်သွင်းခဲ့ပြီး တမီးလ်ဘာသာစကားဖြင့် “မင်းအိတ်ထဲမှာ တစ်ခုခု ထည့်ထားတယ်။ အဲဒါကို တစ်ခုခုလုပ်လိုက်ပါ” ဟု CCTV မှတ်တမ်းများကို ဖျောက်ဖျက်ရန် ပြောခဲ့ရာ ဂိုင်ယာသီရိက လက်ကိုင်အိတ်အတွင်း မှတ်တမ်းများထည့်ပြီး တိုက်ခန်းမှ ထွက်သွားခဲ့သည်။
ညနေ ၃ နာရီခွဲနောက်ပိုင်းတွင် ရဲအရာရှိတစ်ဦးက အိမ်တွင် CCTV ကင်မရာများ ရှိကြောင်း သတိပြုမိခဲ့သည်။ ဒုတိယပြည်သူ့ရှေ့နေများကမူ ချယ်လ်ဗမ်သည် ၎င်း၏အိမ်ငှား၏ တောင်းဆိုမှုအရ လွန်ခဲ့သော ခြောက်လက CCTV မှတ်တမ်းတင်စက်ကို ဖယ်ရှားခဲ့သည်ဟု လိမ်ညာခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် ချယ်လ်ဗမ်နှင့် ဂိုင်ယာသီရိတို့၏ လေးနှစ်အရွယ်သမီးက ရဲတပ်ဖွဲ့အား ဂိုင်ယာသီရီ၏ ဖုန်းတွင် CCTV မှတ်တမ်းများကို မနေ့က တွေ့ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် စစ်မေးရာ ချယ်လ်ဗမ်က မှတ်တမ်းတင်စက်ကို ပရီမာအား ပေးအပ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ရဲတပ်ဖွဲ့က ထိုညနေတွင် CCTV မှတ်တမ်းကို ပြန်လည်ရယူခဲ့သည်။
ဇူလိုင် ၁၇ ရက်နေ့တွင် ချယ်လ်ဗမ်၏ရှေ့နေ ပရာတပ် ကစ်ရှန်က ၎င်း၏အမှုသည်အား ပိုမိုစာနာထောက်ထားရန် တရားရုံးသို့ တောင်းဆိုခဲ့ပြီး “သူ့ဘဝရဲ့ ကိုးနှစ် ဆုံးရှုံးခဲ့ရတယ်။ သူ့ဘဝရပ်တန့်သွားခဲ့ပြီ” ဟု ထပ်လောင်းပြောကြားခဲ့သည်။
ချယ်လ်ဗမ်၏ အာမခံငွေကို စင်ကာပူဒေါ်လာ ၂၅၀၀၀ သတ်မှတ်ထားပြီး ဇူလိုင် ၃၁ ရက်နေ့တွင် ၎င်း၏ပြစ်ဒဏ်ကို စတင်ခံစားရမည်ဟု မျှော်လင့်ရသည်။
Ref., The Straits Times/ANN
