◾ ရွှေတွင်းမှ ထွက်သမျှကို NUG ဩဇာမခံဘဲ တစ်စင်ထောင်ထားသည့် တေဇာစန်းနှင့် စိုးသူရဇော်တို့၏ MDY PDF က လက်ဝါးကြီးအုပ်ထားကာ ပသုံးလုံးများက စွန့်ကြဲသလောက်သာရ
◾ MDY PDF က စဉ့်ကူးပြည်သူများကို နေအိမ်သို့ ဝင်ခွင့်မပေးဘဲ ထိန်းချုပ်ထားသလို နေအိမ်ဟူသမျှ ဖောက်ထွင်းထား

နေမိုး
၁၇. ၇. ၂၀၂၅
NUG ၏ PDY အဖွဲ့များဖြစ်သော ပကဖ၊ ပအဖ၊ ပလဖ ရာနှင့်ချီ အသေခံကာ နယ်မြေလု မြို့သိမ်းထားသည့် စဉ့်ကူးမြို့နယ်မှ ရွှေတွင်းများကို TNLA နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်နေသည့် မန္တလေး PDF (MDY PDF) က လက်ဝါးကြီးအုပ်ခြယ်လှယ်နေသည်ဟု PDF များက လူမှုကွန်ရက်တွင် မကျေမနပ် ရေးသားနေကြသည်။
MDY PDF များအနေဖြင့် လူထုထောက်ခံမှုနှင့် အလှူငွေရရှိရေးအတွက် NUG ၏ ဩဇာခံသဖွယ် လိမ်လည်ခဲ့သလို NUG က မတ္တရာမြို့သိမ်းခိုင်းသည်ကိုလည်း လက်ဦးမှုယူကာ စဉ့်ကူးမြို့သိမ်းခဲ့ပြီးနောက် ရွှေတွင်းများ လက်ဝါးကြီးအုပ်ကာ ရွှေတွင်းမှ ထွက်သမျှကို ပသုံးလုံးများအား အနည်းအကျဥ်းမျှသာ ပေးနေသည်ဟုလည်း ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူနေမျိုး(ပဲခူး)ကလည်း ရေးသားမျှဝေထားသည်။

“လက်ရှိ မန်းတိုင်း PDF သိမ်းထားတဲ့ ရွှေလုပ်ကွက်တွေရဖို့ ကိုယ်တွေတပ်ရင်းက ဒုတပ်ရင်းမှူး အပါဝင် ရဲဘော်(၃၀) ကျော် အသက်ပေးတိုက်ပွဲဝင်ခဲ့ရပါတယ်။ ထို့အတူပဲ အညာတခွင်က MOD အောက်က ခရိုင်တပ်ရင်းပေါင်းများစွာ ယက ရဲဘော် ရာဂဏန်းကျော် အသက်ပေး တိုက်ပွဲဝင်ခဲ့ရပါတယ်။ ၎င်း MOD အောက်က ခရိုင်ရင်းအားလုံးဟာ မန်းတိုင်း PDF လက်အောက်ကနေ မန်းတိုင်း PDF ရဲ့ အမိန့် ကွပ်ကဲမှုနဲ့ တိုက်ပွဲဝင်ခဲ့ကြရပါတယ်။ ကျွန်တော်တို့ တပ်ရင်းဆို ရဲဘော် အင်အား (၂၀၀) ကျော် မန်းတိုင်း PDF နဲ့ ပူးပေါင်း တိုက်ပွဲဝင်ခဲ့သလိုအခြား အညာတခွင်က MOD ခရိုင်ရင်းတွေလည်း
တပ်ရင်းတစ်ရင်းကို ရဲဘော်အင်အား (၁၀၀) ကျော် မန်းတိုင်းPDF ရဲ့ လက်အောက်ကနေ
မန်းတိုင်း PDF ရဲ့ အမိန့်ကွပ်ကဲမှုနဲ့ တိုက်ပွဲဝင်ခဲ့ ကြရပါတယ်။ လက်ရှိမှာ ၎င်း ရွှေလုပ်ကွက်တွေက မန်းတိုင်း PDF ရရှိနေတဲ့ အခွန်ငွေထဲကနေ ကျွန်တော်တို့ တပ်ရင်း အနေနဲ့တော့ တစ်ကျပ် တစ်ပြားမှ ခုထိ မရဖူးသေးပါဘူး။ အခြား မန်းတိုင်း PDF နဲ့ လက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့ ဘယ်အညာ ခရိုင်ရင်းတွေများ လက်ရှိ မန်းတိုင်းက ရနေတဲ့ ရွှေလုပ်ကွက် အခွန်ငွေထဲကများ ရဖူးတာ ရှိကြသလားတော့ မသိပါဘူး။ ကျွန်တော်သိသလောက်တော့ ဘယ်တပ်ရင်းမှ မရကြပါဘူး”ဟု နေမျိုး (ပဲခူး) က ရင်ဖွင့်သည်။
MDY PDF သည် လက်ရှိတွင် NUG ဩဇာမခံသော်လည်း တအောင်းပလောင် TNLA နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်နေပြီး MDY PDF ၏ စစ်ဦးစီးအဖွဲ့ဝင်များအဖြစ် ဒေါက်တာတေဇာစန်းနှင့် ဒေါက်တာစိုးသူရဇော်တို့က NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် စင်ပြိုင်နေရာယူထားသည်။
ထို့အပြင် MDY PDF က စဉ့်ကူးမြို့ကို သိမ်းထားသော်လည်း စဉ့်ကူးပြည်သူများကို နေအိမ်သို့ ဝင်ခွင့်မပေးဘဲ ထိန်းချုပ်ထားသလို နေအိမ်ဟူသမျှ ဖောက်ထွင်းထားသည်ဟုလည်း နေမျိုး(ပဲခူး) အပါအဝင် PDF များက ရေးသားနေကြသည်။
ယခု NUG ၏ ပသုံးလုံးများနှင့် MDY PDF များအကွဲအပြဲမှာလည်း MDY PDF က လက်ရှိရွှေလုပ်ကွက်များမှ နေ့စဥ်တန်ချီ ရွှေထုတ်ပြီး ပသုံးလုံးများကို အရိုးအရင်းသားပေးနေချိန် ပသုံးလုံးများက ရွှေကြောအသစ်တွေ့သဖြင့် လေလံပစ်မည်ကို MDY PDF က ဆက်၍ လက်ဝါးကြီးအုပ်ရန်ကြိုးစားရာမှ မကျေနပ်မှုများ ပွင့်အံလာခဲ့ခြင်းဖြစ်သည်။

“မကြာသေးခင် ရက်ပိုင်းက BBC, Mizzima သတင်းတွေမှာ စဉ့်ကူး ရွှေတွင်းတွေနဲ့ ပတ်သက်ပြီး မြိုင်မြိုင်ဆိုင်ဆိုင် ဖော်ပြလာကြပါတယ်။
တကယ်တော့ မြေပြင် အခြေအနေဟာ သတင်းတွေမှာ ဖော်ပြတာနဲ့ လုံးဝ တခြားစီ ဖြစ်ကြောင်း တွေ့ရပါတယ်။ မန်း PDF ကို မတ္တရာကို သိမ်းဖို့ MOD က တာဝန်ပေးခဲ့ပေမယ့် မန်း PDF ဟာ စဉ့်ကူးကို လက်ဦးမှုယူပြီး သိမ်းခဲ့တယ်။ စဉ့်ကူး အုပ်ချုပ်ရေးဟာ ပသုံးလုံး အုပ်ချုပ်ရေး မဟုတ်ပါဘူး။ မန်း PDF က အရေးပေါ်စီမံအုပ်ချုပ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ အုပ်ချုပ်ရေး ကော်မတီမှာ ဒေသခံ လွှတ်တော်ကိုယ်စားလှယ် ကို နာယကအဖြစ် ခန့်အပ်ခဲ့ပေမယ့် ဘာလုပ်ပိုင်ခွင့်မှ မရှိပါဘူး။ အရေးပေါ် စီမံအုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌဟာ မန်း PDF ဖြစ်ပါတယ်။ ပသုံးလုံးမှာ မပါဝင်တဲ့ ဒေသခံ NLD ပါတီဝင် တစ်ယောက်နဲ့ ရပ်မိရပ်ဖအချို့ကို ပ. တာဝန်ခံ၊ ဒု တာဝန်ခံ အဖြစ် တာဝန်ယူခဲ့ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် စဉ့်ကူးမှာ ပသုံးလုံး အုပ်ချုပ်ရေး မဟုတ်တဲ့အကြောင်း သိရပါတယ်။ လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ရွှေတွင်းတွေ မန်းစိန် ဘာညာ လုပ်ကွက်တွေ အားလုံးကို မန်း PDF က ဘဲ စီမံခန့်ခွဲပါတယ်။ ရရှိငွေကို မန်း PDF က စီမံခန့်ခွဲပြီး CDM ထောက်ပံ့တယ်။ စစ်ရှောင် ကူညီတယ်။ ပညာ/ ကျန်းမာ / လမ်းတံတား အတွက် လှူတယ်။ ပအဖ၊ ပကဖ၊ ပလဖ ပသုံးလုံးကိုလည်း အချိုးကျ ခွဲဝေပေးတယ်။ ပသုံးလုံးဟာ ရွှေလုပ်ကွက်တွေနဲ့ ပတ်သက်လို့ လက်ဝေခံသာ ဖြစ်ပါတယ်။ မန်း PDF ဟာ အားလုံးကို မျှဝေသုံးစွဲတယ် ဆိုသော်လည်း ရတာနဲ့ မျှဝေတာဟာ ကွာခြားလွန်းလှပါတယ်။ မန်း PDF ဟာ သူ ဦးဆောင်တိုက်တယ်။ ရတာ အကုန်ယူမယ်။ EAO ဆန်ဆန် လုပ်သွားခဲ့တာပါ။ ပြည်မထဲမှာ လာပြီး သူသိမ်းလို့ရတဲ့နေရာ ကိုယ်ရ ကိုယ်ယူ သူပဲ စီမံခန့်ခွဲတယ်ပေါ့။ ပြည်မထဲမှာ ကိုယ်ရ ကိုယ်ယူ လုပ်နေရင် ကျွန်တော်တို့ အစိုးရ ဘယ်လို ရှေ့ဆက်လို့ ရမှာလဲ။ ဒေသခံ ပသုံးလုံးဟာ အုပ်ချုပ်ရေးမှာ မပါဝင်သလို ရွှေတွင်းတွေနဲ့ ပတ်သက်လို့လည်း မန်း PDF ပေးသလောက်သာ ရရှိတာ ဖြစ်ပါတယ်။ ဒီ ကိစ္စတွေ မီဒီယာတွေမှာ ပေါက်ကြား လာရတဲ့ အကြောင်းက မကြာသေးမီက ယခင် ရွှေလုပ်ကွက်တွေရဲ့ ဧရိယာအပြင်ဘက်မှာ ရွှေကြောအသစ် တွေ့ရှိခဲ့တာပါ။ ဒါပေမယ့် မန်း PDF စီမံခန့်ခွဲနေတဲ့ လုပ်ကွက်တွေလောက်တော့ မထွက်ရှိပါဘူး။ ဒီ နေရာသစ်ကို ပသုံးလုံးက သီးသန့် လေလံပစ်ဖို့ကြိုးစားပါတယ်။ ဒီ နေရာသစ်ကို မန်း PDF က ထပ်ပြီး လက်ဝါးကြီး အုပ်ချင်တယ်။ ပသုံးလုံးက လက်မခံဘူး။ ဒီမှာ ပြဿနာ အနည်းငယ် တက်တဲ့အခါ မန်း PDF က မီဒီယာ မှာ လက်ဦးမှုယူပြီး သတင်းပေးခဲ့တယ်။ ပြည်သူ တွေကို မီဒီယာအားနဲ့ လမ်းလွဲကို ဆွဲခေါ် ဖို့ကြိုးစားခဲ့တာပါ။ ဒါကြောင့် BBC နဲ့ Mizzima မှာ ဖော်ပြတဲ့ သတင်းဟာ မြေပြင်နဲ့ တခြားစီ ဖြစ်နေတာ ဖြစ်ပါတယ်။ စဉ့်ကူးကို မန်း PDF က စစ်ရေးအရ ပိတ်ဆို့ထားပြီး မြို့တွင်းမှာ ပြည်သူတွေ နေခွင့် မရှိပါဘူး။ ဒါပေမယ့် အိမ်တွေ ဖောက်ထွင်းခံနေရတာဟာ ပြည်သူတွေ ဘာမှ မကျန်တော့သလောက်ဖြစ်နေတယ်လို့ သိရပါတယ်”လို့ Soe San Tun အကောင့်က ရေးသားထားတာကို နေမျိုး(ပဲခူး)က မျှဝေထားပါတယ်။
