၁၇. ၇. ၂၀၂၅
Written by Hey Mar

သူငယ်ချင်းနှစ်ဦး KTVနဲ့ Bar တွေကို သွားရောက်လည်ပတ်ဖို့ နေရာရွေးရာက စကားများပြီး သေနတ်နဲ့ ပစ်သတ်မှု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ ဇူလိုင် ၁၇ ရက်နေ့ မွန်းမတည့်မီ အချိန်က တာချီလိတ်မြို့မှာ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အတွင်း လူသတ်မှုကျူးလွန်သူကို တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့က နေ့ချင်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မယ်ခေါင် (၇)လမ်းမှာ ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းအရ တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာ SHN-12/ 8M-8989 နံပါတ်ပါ Crown အမျိုးအစား၊ အနက်ရောင် မော်တော်ယာဉ်ပေါ်မှာ စိုင်းရှဲန်၊ ၃၆ နှစ်၊ (ဘ)ဦးနွဲ့နား၊ ၁၃/တခလ (နိုင်)၁၂၀၆၆၅၊ ရှမ်း/ဗုဒ္ဓ၊ အမှတ်(ပဝ-၁၂၃)၊ ပါဝုန်းရွာ၊ ဖန်မင်အုပ်စု၊ တာချီလိတ်မြို့နေသူကို ယာပါး ဖောက်ဝင် ဝဲပါးဖောက်ထွက် ဒဏ်ရာ(၁)ချက်နဲ့ ဝဲနားရွက်အောက် ဖောက်ဝင်ဒဏ်ရာ (၁)ချက် (စိုးရိမ်ရ)ရရှိထားတာကို တွေ့ရှိရတာကြောင့် တာချီလိတ်ခရိုင်၊ ပြည်သူ့ဆေးရုံကြီးဆီ နေ့လယ် တစ်နာရီ ဆယ်မိနစ်ဝန်းကျင်အချိန်က ရဲဆေးစာနဲ့ ပို့ဆောင် ပေးခဲ့ပြီး၊ စိုင်းရှဲန်မှာ ဆေးကုသမှု ခံယူနေစဉ် နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်မှာ အခင်းဖြစ်စဉ်က ရရှိ ဒဏ်ရာ တွေကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လူသေဆုံးခဲ့တဲ့ ဖြစ်စဉ်အတွက် တာဝန်ရှိသူတွေက ရာဇသတ်ကြီးပုဒ်မ ၃၀၇ မှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ကို အမှုပြောင်းလဲ ရေးဖွင့်ခဲ့ပြီး အခင်းဖြစ်ရပ်ကို အသေးစိတ် စစ်ဆေးခြင်း၊ CCTV မှတ်တမ်းများ လိုက်လံရှာဖွေစုံစမ်းခြင်း၊ ပတ်ဝန်းကျင် သက်သေများ စုံစမ်း စစ်ဆေးခြင်း၊ သက်သေခံ အထောက်အထားများရရှိရေး စုံစမ်းရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ရာ အခင်း ဖြစ်စဉ် တရားခံ အသုံးပြုတဲ့ SHN-12/ 8M-8989 နံပါတ်ပါ Crown အမျိုးအစား၊ အနက်ရောင် မော်တော်ယာဉ်မှာ ဟောင်လိတ်နယ်မြေရဲစခန်း (ပ)၁၁၆/၂၀၂၅၊ ရာဇဝတ်ကြီးမှုအမှတ် (၉၅၈/၂၀၂၄)၊ လက်နက်ဥပဒေပုဒ်မ ၂၄/၃၁ အရ ထောင်ဒဏ်(၁)နှစ် ချမှတ်ခြင်းခံရပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့ကမှ ထောင်က လွတ်လာသူ စိုင်းကျောက်၊ ၄၅ နှစ်၊ (ဘ)ဦးလုံရီ၊ ၁၃/တခလ(နိုင်)၃၄၈၃၈၆၊ ရှမ်း/ဗုဒ္ဓ၊ အမှတ် (ပဝ-၁၂၄)၊ ပါဝုန်းရွာ၊ ဖန်မင်အုပ်စု၊ တာချီလိတ်မြို့နေသူရဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စုံစမ်းသိရှိရတဲ့အတွက် တာဝန်ရှိသူတွေက ၎င်းနေထိုင်တဲ့ ဖန်မင်အုပ်စု၊ ပါဝုန်းရွာ၊ အမှတ်(ပဝ-၁၂၄)ကို သွားရောက်စုံစမ်းဖမ်းဆီးခဲ့ရာ စိုင်းကျောက်ကို ၎င်းရဲ့နေအိမ် အိပ်ခန်းအတွင်း တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး အခင်းဖြစ်စဉ် ၎င်းအသုံးပြုခဲ့တဲ့ သေနတ်ကိုလည်း သက်သေတွေနဲ့အတူ ရှာဖွေခဲ့ရာ ၎င်းရဲ့နေအိမ် နောက်ဖေး မီးဖိုခန်း ထွက်ပေါက်မှာ အဖြူရောင်ကြွပ်ကြွပ်အိတ်နဲ့ ထုပ်လျက် မြေကြီးထဲမြုပ်ပြီး ကြွေပြားနဲ့ ဖုံးအုပ် သိုဝှက်ထားရှိတာကို သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
ဖမ်းမိတရားခံကို စစ်ဆေးမေးမြန်းရာ သေဆုံးသူ မှာ ၎င်းနဲ့ ဆယ်နှစ်တာ ခင်မင်ခဲ့တဲ့ နေအိမ်ချင်းကပ်လျက်နေထိုင်သူဖြစ်ကြောင်း အခင်းဖြစ်ပွားတဲ့နေ့က Bar တွေ KTV တွေ လည်ပတ်ဖို့ အတူ ကားတစ်စီးနဲ့ ထွက်လာကာ လည်ပတ်ဖို့ နေရာရွေးရင်း စကားများရာက စိုင်းရှဲန်က လက်သီးနဲ့စတင်ထိုးလို့ ၎င်းက ယူဆောင်လာတဲ့ သေနတ်နဲ့ ပစ်ခတ်လိုက်ကြောင်းနဲ့ အဲ့ဒီလို ပစ်ခတ်ပြီး ကားနဲ့ ကားအတွင်း ဒဏ်ရာရနေတဲ့ စိုင်းရှဲန်ကို ထားပစ်ခဲ့ကာ ၎င်းကတော့ အိမ်ကို ဆိုင်ကယ် ကယ်ရီနဲ့ ပြန်လာခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအမှုကို တာချီလိတ်မြို့မရဲစခန်းက (ပ)၁၄၃/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ-၃၀၇ မှ ၃၀၂ ပြောင်းလဲ ဖွင့်လှစ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ စိုင်းကျောက်ကို တရားရုံးတင်ပို့ စွဲဆိုနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်းလည်း သိရှိရပါတယ်။
