၁၈.၇.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ မြို့လယ် လူစည်ကားရာအရပ်ဖြစ်သော ပါတူဝမ်ခရိုင် ရာမ ၁ လမ်း၊ Siam Square လမ်းသွယ် ၃ ပေါ်တွင်ရှိသည့် Siam Square အနီးမှ စီးပွားရေးအဆောက်အအုံတစ်ခုတွင် ဇူလိုင်လ ၁၈ ရက်၊ နံနက် ၆ နာရီ မိနစ် ၄၀ က မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုက စတုတ္ထထပ်ရှိ TEAVA Wellness & Spa အလှပြင်လုပ်ငန်းဖွင့်လှစ်ထားသော ဆိုင်မှ စတင်လောင်ကျွမ်းခြင်းဟုလည်း သိရသည်။
မီးတောက်များနှင့် မီးခိုးငွေ့များက အဆောက်အအုံ၏ စတုတ္ထထပ်မှထွက်လာပြီး အခြားအထပ်များသို့ လျင်မြန်စွာရောက်ရှိသွားသည်ကို တွေ့ကြရသည်။ မီးကိုထိန်းချုပ်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များက မီး သတ်ကားနှစ်စီးဖြင့် မိနစ် ၂၀ ကျော်ကြာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
မီးလောင်မှုကြောင့်အခန်းသုံးခန်းထိခိုက်ပျက်စီးခဲ့ရသော်လည်း သေဆုံးမှုများနှင့်ဒဏ်ရာရမှုများရှိသည် ဟူ၍ ရှေးဦးသတင်းများအရ မသိရှိရသေးပေ။ မီးလောင်မှုအကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
Ref- Khaosod News



