ပုံစာ။ TNLA က သဖန်းကိုင်းဘုန်းတော်ကြီးကျောင်းနှင့် ခမ်းချိုဘုန်းတော်ကြီးကျောင်းမှ သံဃိကပစ္စည်းများကို လုယက် စခန်းချမှု ရင်ဖွင့်စာများနှင့် လုယက်ခံရသော ကားများတွေ့ရစဥ်။
နေမိုး
၁၇. ၇. ၂၀၂၅
နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီး နောင်ချိုမြို့ကို တစ်နှစ်ကျော် နယ်မြေလုယက်သိမ်းယူခဲ့သည့် တအာင်းပလောင် TNLA လက်နက်ကိုင်များက ယမန်နှစ်အတွင်း နောင်ချိုမြို့ကို သိမ်းယူစဥ် သဖန်းကိုင်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကား ၈ စီးနှင့် သံဃိကပစ္စည်းများ လုယက်ခဲ့ကြသည်ဟု စစ်ရှောင်ဘဝနှင့် တစ်နှစ်ကျော် နေထိုင်ခဲ့ရသူ သဖန်းကိုင်း ကျောင်းထိုင်ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာလင်္ကာရက လူမှုကွန်ရက်တွင် ရေးသားထားသည်။
သဖန်းကိုင်းပရဟိတ ကျောင်းကြီးသည် တိုင်းရင်းသားလူမျိုးများဖြင့် ၂၀၀၃ ခုနှစ် မေလ ၂၅ ရက်နေ့တွင် စတင်တည်ထောင်ဖွဲ့စည်းခဲ့သော ပရဟိတကျောင်းဖြစ်ပြီး သဖန်းကိုင်းပရဟိတ ဘ/ကပညာရေးကျောင်း၊ အခမဲ့ ကွန်ပျူတာသင်တန်း၊ အခမဲ့အပ်ချုပ်စက် ဇာထိုး ပန်းထိုးသင်တန်း၊ ဓမ္မစကူးလ် ယဥ်ကျေးလိမ္မာသင်တန်း၊ ကလေးသူငယ်များပြုစုစောင့်ရှောက်ရေးဂေဟာ (အလယ်တန်း အထက်)၊ အကယ်ဒမီဝိပဿနာ ဝိပဿနာတရားစခန်း၊ အဆင့်မြင့် ပညာသင်ထောက်ပံ့ရေးအဖွဲ့နှင့် လူမှုကူညီရေးအသင်း၊ အခမဲဆေးပေးခန်းဟူ၍ လုပ်ငန်းဆောင်တာကြီး ၈ ခုကို သဖန်းကိုင်းအရှင်ဒေါက်တာဘဒ္ဒန္တပညာလင်္ကာရက ဦးဆောင်ကာ ဖွင့်လှစ်ထားလျှက်ရှိသော ပရဟိတကျောင်းတော်ကြီးဖြစ်သည်။
ထိုကျောင်းတော်ကြီးတွင် ယမန်နှစ် ၂၀၂၄-၂၀၂၄ ပညာသင်နှစ်က ရှင်သာမဏေ၊ ကျောင်းသား၊ ကျောင်းသူ ၄၀၀ ဦးတို့ပညာဆည်းပူးခဲ့ပြီး ၂၀၂၄ ဇွန်လ ၂၅ ရက်တွင် TNLA အကြမ်းဖက်များက ကျောင်းတိုက်ကို ဝင်စီးကာ စခန်းချမှု၊ ကားရှစ်စီးနှင့် သံဃိကပစ္စည်းများကို လုယက်မှုပြုခဲ့ကြသည်။
“ယခုလို ပရဟိတကျောင်းမှာရှိသော သံဃိကပိုင်မော်တော်ယာဥ်ကြီး ၈ စီး၊ ကွန်ပျူတာများ၊ မီးစက်များ၊ သံဃိကပစ္စည်းများအများအပြားကိုလည်း ပလောင်TNLA နဲ့ အပေါင်းအပါအဖွဲ့မှ ငါ့မှာ လက်နက်ရှိတယ်။ ငါလုပ်ချင်တာလုပ်လို့ရတယ်ဟုဆိုကာ လက်နက်ပြကာယူဆောင်သွားခဲ့ကြသည်ကလည်း ဝမ်းနည်းဖွယ်ရာဖြစ်ခဲ့ရပါသည်။ ဒီလို သံဃိကပစ္စည်းများကို ယူဆောင်သွားကြပြီး နောင်ချိုဒေသတစ်ခုလုံးကိုဖျက်စီးသွားကြသည့် ပလောင်TNLA နှင့် အပေါင်းအပါအဖွဲ့အစည်းသည် ယခုအချိန်မှာ အဆင်ပြေနေကြပြီလား၊ ပျော်ရွှင်နေကြပြီလား၊ အောင်မြင်မှုတွေရနေကြပြီလား၊ အသက်တွေရောရှင်နေကြသေးလား၊ လူပုံအလည်မှာရော သွားလာနေကြသေးရဲ့လား၊ သံသရာဆိုတာက လည်နေတယ်ဆိုတာရောသိကြတယ် မဟုတ်လား၊ ဝဋ်ဆိုတာကလည်း သူအလုပ်သူလုပ်နေတယ်ဆိုရောသိကြတယ်မဟုတ်လား”ဟု ဒေါက်တာဘဒ္ဒန္တပညာလင်္ကာရက မိန့်ကြားထားသည်။
TNLA သည် နောင်ချိုမြို့ကို တစ်နှစ်ကျော်ကြာ သိမ်းယူမှုအတွင်း အခြေခံအဆောက်အအုံပစ္စည်းများရှိပြီး အခိုင်အမာတည်ဆောက်ထားသော ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဘုရားစေတီ ဘုန်းကြီးကျောင်းများကို တပ်စွဲခဲ့သလို သာသနာ့နယ်မြေအဖြစ် ပြည်သူများက သိန်းထောင်ချီအကုန်ခံ လှူဒါန်းထားသော နောင်ချိုမြို့နယ်၊ အုမ္မသီးရွာလမ်းခွဲရှိ ခမ်းချို ဘုန်းတော်ကြီးကျောင်းကို TNLA နှင့် PDF တို့က တပ်စွဲထားကာ လူပစ်သတ်မှုလည်း ကျုးလွန်ထားသဖြင့် သံဃာတော်များနှင့် စစ်ဘေးရှောင်များ တိမ်းရှောင်နေရသည်ဟု ခမ်းချိုဘုန်းတော်ကြီးကျောင်းက လူမှုကွန်ရက်တွင် အသိပေးထားသည်ကို MT News က ဖော်ပြခဲ့ပြီးလည်းဖြစ်သည်။
ပုံစာ။ TNLA က သဖန်းကိုင်းဘုန်းတော်ကြီးကျောင်းနှင့် ခမ်းချိုဘုန်းတော်ကြီးကျောင်းမှ သံဃိကပစ္စည်းများကို လုယက် စခန်းချမှု ရင်ဖွင့်စာများနှင့် လုယက်ခံရသော ကားများတွေ့ရစဥ်။









