၁၇.၇.၂၀၂၅
Translated by Htwe Ko Tun
အီရတ်နိုင်ငံအရှေ့ပိုင်းရှိ ကတ်မြို့မှာ ဇူလိုင်လ ၁၆ ရက် ညနှောင်းပိုင်းက ကုန်တိုက်ကြီးတစ်ခုကို မီးလောင်ရာမှာ အနည်းဆုံး လူ ၆၀ ဦးခန့်သေဆုံးခဲ့ရပြီး မီးလောင်မှုအတွင်းမှာ အများအပြားလည်း ပျောက်ဆုံးနေသေးတယ်လို့ မြို့ရဲ့ ကျန်းမာရေးဌာနအာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့သတင်းအရင်းအမြစ်တွေက ဇူလိုင်လ ၁၇ ရက် နံနက်မှာ ပြောကြားခဲ့ကြပါတယ်။
မြို့ရဲ့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက မီးလောင်မှုကြောင့်သေဆုံးရသူတွေစာရင်းကို စုဆောင်းခဲ့ရာမှာ သေဆုံးသူ ၅၉ ဦးကို မည်သူမည်ဝါလို့ အတည်ပြုနိုင်ခဲ့ပြီး တစ်ဦးကတော့ ဆိုးဝါးစွာ မီးလောင်ကျွမ်းခံထားရလို့ မည်သူမည်ဝါခွဲခြားဖို့ ခက်ခဲနေတယ်လို့ ဇူလိုင်လ ၁၇ ရက် နံနက်မှာ ပြောခဲ့ပါ တယ်။ ဒါ့ပြင် မီးလောင်မှုအပျက်အစီးတွေအောက်မှာရောက်နေပြီး ပြန်မတွေ့သေးတဲ့ သေဆုံးသူတွေလည်း ရှိနေသေးတယ်လို့ သူကပြောခဲ့ပါတယ်။
မီးလောင်မှုကို ရိုက်ကူးထားတဲ့ လူမှုကွန်ရက်ပေါ်က ဗီဒီယိုတွေမှာလည်း ကတ်မြို့ရှိမီးလောင်တဲ့ ငါးထပ်အဆောက်အအုံကုန်တိုက်ကြီးမှာ တစ်ညလုံး မီးခိုးတွေလွှမ်းမိုးနေပြီး မီးသတ်တပ်ဖွဲ့ဝင်တွေက ကြိုးစားငြှိမ်းသတ်နေကြတာ တွေ့ရပါတယ်။
ဝတ်စ်ဂျစ်ပြည်နယ်အုပ်ချုပ်ရေးမှူး မိုဟာမက် အယ်လ်-မာရာဟီက မီးဟာ ကုန်တိုက်အတွင်း စားသောက်ဆိုင်တစ်ခုမှာ စတင်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။ မိသားစုတွေ ဈေးဝယ်စားသောက်နေကြချိန်မှာ မီးကစတင်လောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေက လူအချို့ကို ကြိုးစားကယ်တင်ပြီး မီးကိုငြှိမ်းသတ်ဖို့ ကြိုးစားခဲ့ကြတယ်လို့ သူက ထပ်မံပြောခဲ့ပါတယ်။
မီးလောင်မှုဖြစ်ပွားပြီးနောက် ဝမ်းနည်းကြေကွဲခြင်း သုံးရက်တာကာလကို ကြေညာခဲ့ပြီး စုံစမ်းစစ်ဆေးမှုကိုလည်း စတင်လုပ်ဆောင်နေပါတယ်။ စုံစမ်းစစ်ဆေးမှုရလဒ်တွေကိုလည်း ၄၈ နာရီအတွင်းထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
အယ်လ်-မာရာဟီက “ဝမ်းနည်းဖို့ကောင်းလှတဲ့ ဘေးဒုက္ခကပ်ကြီး ကျွန်တော်တို့အပေါ်ကျရောက်တာပါပဲ” လို့ ပြောခဲ့ပါတယ်။
Ref- Al- Jazeeya




