၁၇.၇.၂၀၂၅
Written By Thandar
၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင် ရုပ်ရှင်လောကသားတွေရဲ့ သား/သမီး ၂၁၈ ဦးကို ပညာသင်ထောက်ပံ့ကြေး၊ ကျောင်းဝတ်စုံနဲ့ ကျောင်းသုံးပစ္စည်းတွေပေးအပ်ပွဲကို ယနေ့ ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရှိ ရွှေရတုခန်းမမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်အစည်းအရုံးဝင်တွေရဲ့ သားသမီးတွေကို ပညာသင်စရိတ် ထောက်ပံ့ကြေးတွေကို နှစ်စဉ်ထောက်ပံ့ပေးခဲ့တာပါ။ ဒီနေ့လည်း ကိုယ့်လောကသားတွေကို အစည်းအရုံးက မ,တည်ပြီးတော့ အခြားအလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့အတူ ရုပ်ရှင်လောကသားတွေရဲ့ သား၊ သမီးတွေအတွက် ပညာသင်စရိတ် ထောက်ပံ့ကြေးလည်းပေးဖြစ်တယ်။ အဖက်ဖက်က ဝိုင်းဝန်းလှူဒါန်းမှုကြောင့် ကျောင်းဝတ်စုံနဲ့ ကျောင်းသုံးပစ္စည်းတွေအပြင် ထီး၊ မိုးကာ အင်္ကျီတွေ၊ မင်းသမီးဖွေးဖွေးကလည်း အဝတ်အစားတွေကို မဲနှိုက်ပြီး လှူပေးတယ်။ နောက် ဆေးတွေ၊ အအေးတွေနဲ့ နီလာဒံပေါက် လှူတယ်ဆိုတော့ တော်တော်လေး ပီတိဖြစ်ပါတယ်”လို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက နာယကကြီး သရုပ်ဆောင် ဦးတင်အောင်က MT Entertainment ကို ပြောပါတယ်။
အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အကယ်ဒမီ စည်သူဦးကြည်စိုးထွန်း၊ ဦးအေးကြူလေး၊ နာယကကြီးတွေ၊ အကယ်ဒမီများရှင် ရန်အောင်၊ အောင်ခိုင်၊ ရဲမွန်၊ နေလ၊ မေသန်းနု၊ လှမျိုးသဥ္ဇာနွယ်၊ မမဆောင်း၊ မြတ်သစ္စာ၊ ရွှေရုပ်လွှာ စတဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒါ့ပြင် မင်္ဂလာ ၂၄ နာရီဆေးခန်းဖွင့်ပြီး ရုပ်ရှင်လောကသားတွေကို ဆေးအခမဲ့ကုသပေးမယ့် ဒေါက်တာနေလကိုလည်း အကယ်ဒမီ မင်းသားကြီး ဦးကျော်ဟိန်းရဲ့ အသက် ၇၈ နှစ်ပြည့် မွေးနေ့၊ ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျန်ရစ်တဲ့ မိသားစုက ကျပ် ၁၁ သိန်းလှူဒါန်းခဲ့ပါတယ်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ ရုပ်ရှင်လောကသားတွေရဲ့ သားသမီးတွေ စုစုပေါင်း ၂၁၈ ဦးကို ပညာသင်စရိတ်ထောက်ပံ့ကြေး တစ်ဦးကို ကျပ်တစ်သောင်း၊ ကျောင်းသုံး ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ပေတံ၊ ခဲတံချွန်စက်၊ ကွန်ပါဘူး၊ ထီး၊ ကျောင်းဝတ်စုံ၊ မိုးကာအင်္ကျီ၊ နီလာဒံပေါက်၊ အအေး၊ ဆပ်ပြာဆီ၊ ဆေးတို့ကို လည်းပေးအပ်ခဲ့ပါတယ်။
#မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး #MMPA
#ရုပ်ရှင်လောကသားတွေရဲ့သားသမီးတွေအတွက်
#ပညာသင်ထောက်ပံ့ကြေး #၂၀၂၅-၂၀၂၆






