၁၇. ၇. ၂၀၂၅
Written by Nay Moe
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ရေစကြို PDF တွေ ခိုကပ်နေတဲ့ ကမ္ဘဲ့ကျေးရွာကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်နှိမ်နင်းမှုအတွင်း PDF လင်မယားနဲ့ CDM ဆရာမအပါအဝင် လေးဦး သေဆုံးတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဥ်မှာ ဇူလိုင် ၁၅ ရက် ည ၁၀ နာရီခန့်က ရေစကြိုမြို့နယ်ရှိ ခြေလျင်တပ်ရင်း ခလရ – ၂၅၈ ကနေ ၈၀ မမ လက်နက်ကြီးနှစ်လုံးနဲ့ PDF တွေ ခိုကပ်နေတဲ့ ကမ္ဘဲ့ကျေးရွာကို ရရှိသတင်းအတိုင်း ပစ်ခတ်ရာမှာ ရေစကြို ပကဖက PDF ကောက်ကြီး (ခ)မောင်ရန်နိုင်နဲ့ ဇနီး မသဇင်ဝေ၊ CDM ကျောင်းဆရာမ မနွေဦးမေနဲ့ ရှင်းလင်းကို ဆိုသူ လူငယ်တစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရတယ်လို့ ရေစကြို ပကဖက ပြောပါတယ်။
ကမ္ဘဲ့ကျေးရွာဟာ ခလရ- ၂၅၈ နဲ့ လေးမိုင်ခန့် ကွာဝေးတယ်လို့လည်း သိရပြီး ပထမအကြိမ် လက်နက်ကြီးပစ်ခတ်မှုကြောင့် မီးလောင်မှုဖြစ်တာကို PDF တွေ ထွက်ငြှိမ်းချိန် ထပ်ပစ်လို့ PDF စခန်းက လေးဦး သေကုန်တာလို့လည်း သိရသလို လက်ရှိအချိန်မှာတော့ သေသူလေးဦးစလုံးအသုဘချလိုက်ပြီလို့ သိရပါတယ်။
