၁၇.၇.၂၀၂၅
Written by Hey Mar
ယာဉ်လိုင်းသိမ်းလာတဲ့ YBS ခရီးသည်တင်ယာဉ်နဲ့ အောက်ဆိုက်ပြေးဆွဲတဲ့ Bongo ယာဉ်နှစ်စီး တိုက်မိပြီး အောက်ဆိုက်ကားပေါ်ပါ ယာဉ်မောင်းနဲ့ ခရီးသည် စုစုပေါင်း ၁၆ ဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် မနေ့က ဇူလိုင် ၁၆ ရက် ည ၈ နာရီကျော်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ဒေသခံလူမှုကူညီရေး အသင်းတချို့ထံကနေ သိရပါတယ်။
ဖြစ်စဉ်က YBS 77 ယာဉ်ဟာ တစ်ဖက်လမ်းကနေ ဆန်ကျင်ဘက်လားရာလမ်းဆီ ဖြတ်ကွေ့လာရာမှာ တည့်ကြောကနေ လာတဲ့ အောက်ဆိုက်ကားက ခါးလယ်ကို ဝင်တိုက်တာလို့ သိရပါတယ်။ ယာဉ်တိုက်မှုကြောင့် YBS ပေါ်က ခရီးသည်မပါလို့ လူထိခိုက်မှုမရှိခဲ့ပေမယ့် အောက်ဆိုက်ကားပေါ်က ယာဉ်မောင်းအပါအဝင် ခေါင်းခန်းကနေ စီးနင်းလာတဲ့ ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများခဲ့ပြီး ကလေးမှာ ဦးခေါင်းမှန်စိုက်ဝင်ဒဏ်ရာရခဲ့တာကြောင့် အင်းစိန်ဆေးရုံကြီးဆီ အမြန်ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
အခင်းဖြစ်နေရာကို အင်းစိန်မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေနဲ့အတူ လူမှုကူညီရေးအသင်းတွေ ရောက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေ ရှေးဦးမြေပြင်ပြုစုမှုတွေပြုလုပ်ပေးကာ ထိခိုက်ဒဏ်ရာရှိတဲ့လူနာ ၁၆ ဦးကို မိတ်ဖက်ပရဟိတအသင်းတွေနဲ့အတူပူးပေါင်းပြီး အင်းစိန်ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူပဲ မနေ့က ဇူလိုင်လ ၁၆ ရက်နေ့ ည ၉ နာရီ မိနစ် ၃၀ အချိန်ခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ၇ ရပ်ကွက်၊ ကမ်းနားလမ်းမှာ ကွန်တိန်နာယာဉ်နှစ်စီး တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်း သတင်းအရ တာမွေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာ ကူညီခဲ့ပြီး ယာဉ်တိုက်မှု ဖြစ်စဉ်အတွင်း မစိုးရိမ်ရဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးကို ဘိုကလေးဈေး လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။











