◾️ ချေးငွေအတိုးနှုန်းအား နေအိမ်အဆောက်အုံတည်ဆောက်မှု ၃ ရာခိုင်နှုန်း၊ MSME နှင့် စက်မှုလုပ်ငန်းများ ၅ ရာခိုင်နှုန်း၊ စက်ရုံလုပ်ငန်းကြီးများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ၇ ရာခိုင်နှုန်းတို့ဖြင့် ထုတ်ချေးမည်
၁၇. ၇. ၂၀၂၅
Written by Nyein Kyaw
ငလျင်ဒဏ်သင့်ဒေသများရှိ နေအိမ်များပြန်တည်ဆောက်ရေး၊ MSME လုပ်ငန်းများ၊ စက်မှုလုပ်ငန်းနှင့် စက်မှုအကြီးစားလုပ်ငန်းများအတွက် သက်သာသောအတိုးနှုန်းဖြင့် ရန်ပုံငွေ ကျပ်ဘီလျံ ၇၀၀ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ယမန်နေ့က ပြုလုပ်သည့် အင်အားပြင်း မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့်နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဇူလိုင် ၇ ရက်တွင် ရန်ပုံငွေကြီးကြပ်မှု ဗဟိုကော်မတီကို လည်းကောင်း၊ ဇူလိုင် ၁၁ ရက်တွင် ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို လည်းကောင်း ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ရန်ပုံငွေထူထောင်ရခြင်း၏ ရည်ရွယ် ချက်မှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသော စီးပွားရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရန်၊ ပြည်သူများ၏ အိုးအိမ်များ ပြန်လည်ထူထောင်ရန်နှင့် နေထိုင်မှုအဆင်ပြေစေရန် သက်သာသောအတိုးနှုန်းဖြင့် တစ်ဖက်တစ်လမ်းမှ ချေးငွေပံ့ပိုးပေးနိုင်ရန်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားသည်။
ငလျင်ဒဏ် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များအတွက် အထူးချေးငွေအစီအစဉ်တွင် ပါဝင်သည့် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ ပံ့ပိုးမှုတို့ဖြင့် ရန်ပုံငွေအား စုစုပေါင်း ငွေကျပ်ဘီလျံ ၇၀၀ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားသည်။
ချေးငွေထုတ်ချေးပေးရာတွင် အဆောက်အအုံနှင့် နေအိမ်များ ပြန်လည်တည်ဆောက်မွမ်းမံရေးအတွက် အတိုးနှုန်း ၃ ရာခိုင်နှုန်း၊ MSME များ၏ လုပ်ငန်းလည်ပတ်ရင်းနှီးငွေ (Working Capital) နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအတွက် အတိုးနှုန်း ၅ ရာခိုင်နှုန်း၊ စက်ရုံလုပ်ငန်းကြီးများ၏ စက်ယန္တရားများနှင့် ရင်းနှီးမြှုပ်နှံမှုစရိတ်အတွက် အတိုးနှုန်း ၇ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် ယာယီချေးငွေ (Bridging Loan) အတွက် အတိုးနှုန်း ၇ ရာခိုင်နှုန်းတို့ဖြင့် ထုတ်ချေးသွားမည်ကြောင်း၊ နိုင်ငံတော်ရန်ပုံငွေဖြင့် ထုတ်ချေးသည့်အတွက် ဆုံးရှုံးနိုင်ခြေမရှိအောင် ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသ စသည့် နယ်မြေဒေသများတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
