၁၇.၇.၂၀၂၅
Written by Hey Mar
Tiktok တင်ဖို့ ဖုန်းနဲ့ Video ရိုက်ရင်း နှစ်ထပ်တိုက်ပေါ်ကနေ အမျိုးသမီးငယ်တစ်ဦးပြုတ်ကျကာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တဲ့ဖြစ်စဉ် မနေ့က ဇူလိုင်လ ၁၆ ရက်နေ့ ညကိုးနာရီဝန်းကျင်က မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ မြရည်နန္ဒာ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က မနေ့က ည ၈ နာရီ ၁၅ မိနစ်အချိန်မှာ မန္တလေးတိုင်း၊ မန္တလေးမြို့၊ ၄၅ လမ်းနဲ့ ၄၆ လမ်း ကြား ၁၁၄ လမ်းရှိ နှစ်ထပ်တိုက်ပေါ်ကနေ အသက် ၁၄ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦး Tiktok ဆော့ရင်း ပြုတ်ကျလို့ဆိုကာ လူမှုကူညီရေးအသင်းထံ ဖုန်းဆက်အကူအညီတောင်းခံလာတာလို့ သိရပါတယ်။
မြရည်နန္ဒာ လူမှုကူညီရေးအသင်း တာဝန်ရှိသူက “သူတစ်ဦးတည်း တက်ဆော့နေရင်းဖြစ်တာ။ နှစ်ထပ်အိမ်ခေါင်မိုးပေါ် ဘေးအရန်အတားမရှိဘူး။ အမိုးကို ဆလပ်လောင်းထားပြီး အဲ့ဒီအပေါ် အဝတ်လှမ်းတာတို့ ရေစင်တင်တာတို့ လုပ်ထားတဲ့နေရာ။ မိုးရေလည်းတင်နေတော့ ရေညှိတွေဘာတွေနဲ့ ချော်နေမှာပေါ့။ ကံကောင်းတာက အောက်ကို တိုက်ရိုက်မကျဘဲ ပထမထပ်က Sunshade ပေါ်ကျပြီးမှ မြေပေါ်ကျလို့ အသက်မသေတာ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
မြရည်နန္ဒာ လူမှုကူညီရေးအသင်းက ဖြစ်စဥ်နေရာသို့သွားရောက်ကူညီပြီး ဦးခေါင်းဖူးယောင်ဒဏ်ရာနဲ့ ခန္ဓာကိုယ် ဘယ်ဘက်ခြမ်း မလှုပ်နိုင်တဲ့ ထိခိုက်ဒဏ်ရာ တွေရရှိထားတဲ့ အမျိုးသမီးငယ်ကို မန္တလေးဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
