၁၇. ၇. ၂၀၂၅
Written by Nay Moe
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာတွင် ဇူလိုင် ၁၃ ရက်နေ့ ည ၁၁ ခွဲအချိန်ခန့်တွင် PDF များဦးဆောင်သော လူသတ်ဓားပြတ်ိုက်မှု ဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဥ်ကို PDF အမျိုးသမီးနှစ်ဦးက ဦးဆောင်ခဲ့သော်လည်း ကျုးလွန်သူများကို အရေးမယူရဲသေးဘဲ NUG ထံ တင်ပြထားဆဲဟု ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
PDF များဦးဆောင်သော ထိုလူသတ်မှုကို သတင်းရရှိပြီးနောက် ဇူလိုင် ၁၄ ရက် နံနက် ၄ နာရီတွင် ဥယျဉ်မကျေးရွာ ပကဖ/ပအဖ အဖွဲ့မှ စစ်ဆေးဆောင်ရွက်ရာ အဓိကတရားခံ ပူတူးမ၊ ဂျမ်းဂျမ်းနှင့် ဘယ်လေးတို့(၃)ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဝက်လက်မြို့နယ်ပကဖနှင့် ဒွန်တဲကုန်းပကဖများက တရားခံ သီဟ၊ မန်းလေး၊ ကြောင်နက်နှင့်အောင်မျိုးတို့ (၄)ဦး ကိုဖမ်းဆီးရမိသည်ဟု ဆိုသည်။
ထို့အတူ ကျောက်တိုင်ကျေးရွာ ပကဖ၊ ပအဖ များက တရားခံ မှတ်ကြီး၊ တွတ်ပီ (သခွတ္တော ပကဖ အဖွဲ့ဝင်)တို့ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဒီပဲယင်းမြို့နယ် လက်လှုပ် တောင်ရွာ ပကဖ များက တရားခံပေါက်စ၊ လေပွေ(ကျီးကန် ပကဖ အဖွဲ့ဝင်) တို့ ၂ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ပြောသည်။
ဖမ်းမိသူများကို ရပ်ကျေးပကဖများက ဝက်လက်မြို့နယ် ပကဖသို့ ခေါ်ဆောင်လာပြီး သက်သေခံပစ္စည်းများနှင့်အတူ အပ်နှံခဲ့၍ တရားခံများကို ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သတင်းတာဝန်ခံနှင့် ရွှေဘိုခရိုင်တပ်ရင်း(၁) IO တို့မှ စစ်ဆေးမေးမြန်းရာ ကျူးလွန်သူများက ဝန်ခံထွက်ဆိုခဲ့ကြပြီး ဓားပြတိုက်မှု ကျူးလွန်သူထဲမှ (၂)ဦးက အိမ်ရှင် ကိုညောင်ပင်ကြီးကို ဓားဖြင့် (၃)ချက်ထိုး၍ အိမ်ရှင်မှာ အသက်ဆုံးရှုံးသွားရသည်ဟု ဝက်လက်ပကဖပြောသည်။
တရားခံများနှင့်အတူ ဖုန်း (၁၃)လုံး၊ MA 1 တစ်လက်၊ AK 47 တစ်လက်၊ လက်လုပ်အတို (၃)လက်၊ 7.62ကျည် ၁၆ တောင့်၊ 5.56 ကျည် ၁၅တောင့်၊ 9 မမကျည် (၇)တောင့်၊ ဓားအတို ၅ လက်၊ ကလစ်ဆိုင်ကယ် (၂)စီး၊ 1250 ဆိုင်ကယ် (၂)စီး၊ ငွေသား စုစုပေါင်း ၉၆၁၅၀၀၀ ကျပ်၊ MAB Bank Card ၁ ခု၊ ဖုန်း Bill card ၁၀၀၀ တန် ၃၅ ကဒ်၊ Bill card ၃၀၀၀ တန် ၁ ကဒ် တို့ကို သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။ လူသတ်ဓားပြတိုက်သူများက အိမ်ရှင်ထံမှ ကျပ်သိန်း ၄၀၀ နှင့် ၆၀၀ ကြား လုယက်သည်ဟု မူလက ပြောသော်လည်း ယခုဖမ်းမိငွေမှာ ကျပ်သိန်း ၁၀၀ ပင်မပြည့်ဘဲ ကျန်ငွေများ စာရင်းပျောက်နေသော်လည်း ဝက်လက်ပကဖ၏ ထုတ်ပြန်ချက်တွင် ကျန်ငွေများ စာရင်းမဖော်ပြထားချေ။
ထို့အပြင် လူသတ်ဓားပြတိုက် တရားခံ PDF များထဲတွင် တရားဝင် ရပ်ကျေး ပကဖအဖွဲ့ဝင် (၂)ဦး ပါဝင်နေခြင်းကြောင့် မြို့နယ်ပကဖမှ အရေးယူနိုင်ရေးအတွက် အထက်အဆင့်ဆင့်သို့တင်ပြထားပြီးဖြစ်ကြောင်းနှင့် မိတ္ထီလာတပ်ရင်းဒုန်းအဖွဲ့မှ လူသတ်ဓားပြတိုက်တရားခံ PDF (၁)ဦးကိုလည်း သက်ဆိုင်ရာမိခင်တပ်ရင်းသို့အကြောင်း ကြားထားကြောင်း၊ ကျန်သူများသည် (၃)ဦးမှာအရပ်သားပြည်သူများဖြစ်သလို၊ ၁ ဦးမှာအဖွဲ့အစည်း စိစစ်ဆဲဟုဆိုကာ ကျန် (၄) ဦးမှာ အဖွဲ့အစည်းအတည်တကျမရှိသော တရားမဝင် လက်နက်ကိုင်ဆောင်သူများဖြစ်ကြောင်း၊ လိုအပ်သောစစ်ဆေးမှုများပြုလုပ်ပြီး၍ တရားခံများကို တရားစွဲဆိုနိုင်ရေးအတွက် ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ထားကြောင်း သိရသည်။
ဝက်လက် ပကဖအနေဖြင့် လူသတ်ဓားပြတိုက်မှုကျူးလွန်သူ PDF များမှာ မိတ္ထီလာဒုံးတပ်၊ သခွပ်တောပကဖနှင့် ကျီးကန်ပကဖတို့မှဖြစ်ကြောင်း၊ တစ်ဦးမှာ အဖွဲ့စိစစ်ဆဲဖြစ်ကြောင်းစသဖြင့် လူသတ်၊ ဓားပြတိုက်မှုကျူးလွန်သော NUG ဩဇာခံ PDF ၁၁ ၁၁ ဦးကို PDF သုံးဖွဲ့သာဖော်ပြထားကာ ကျန်သူများမှာ အရပ်သားများ၊ တရားမဝင်လက်နက်ကိုင်သူများဟု ဆင်ခြေပေးထားသော်လည်း ထို ၁၁ ဦးစလုံးမှာ NUG ၏ ပသုံးလုံးများနှင့် ကျူးလွန်သူ PDF များ ခိုင်းစေနေသော လက်အောက်ခံလက်နက်ကိုင်များသာဖြစ်ကြောင်း MT News က စုံစမ်းသိရသည်။
PDF များ၏ လူသတ်ဓားပြတိုက်မှုအများဆုံးမှာ မုံရွာဖြစ်ပြီး ဒုတိယ လူသတ်ဓားပြတိုက်မှု အများဆုံးမှာ ဝက်လက်ဖြစ်ကာ အဆိုပါ လူသတ်ဓားပြတိုက်မှု၊ မုဒိမ်းမှုဖြစ်စဥ်များကို NUG ထံ တင်ပြလျင်လည်း တော်လှန်ရေးကာလ လူအင်အားလျော့မည်၊ ယုံကြည်မှုလျော့မည်ဆိုကာ NUG က အရေးယူလေ့မရှိဘဲ အရေးယူလျင်လည်း အကျဥ်းချထားခြင်းမလုပ်သလို မူလတာဝန်များသာ ပြန်လည်ခိုင်းစေလေ့ရှိသဖြင့် NUG ၏ ပသုံးလုံးလက်နက်ကိုင်များမှာ လူသတ်၊ ဓားပြတိုက်၊ မုဒိမ်းကျင့်၊ ဆက်ကြေးတောင်းခွင့်လိုင်စင်များ တရားဝင်ရရှိထားသကဲ့သို့လည်း ဖြစ်ပွားနေသည်။
