◾ အာဇာနည်နေ့ အခမ်းအနားပြုလုပ်မည့် အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံး၊ ဗိုလ်ချုပ်ပြတိုက်များရှိရာနေရာများတွင် လမ်းပိတ်/လမ်းလွှဲ ဆောက်ရွက်ထားမည့် အခြေအနေများအား ရန်ကုန်တိုင်းအစိုးရ အသိပေးကြေညာ
၁၇. ၇. ၂၀၂၅
Written by Nyein Kyaw
အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရန်နှင့် အာဇာနည်များ ကျဆုံးခဲ့သည့် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာ့အသံက ဥဩဆွဲအချက်ပေးမည်ဖြစ်၍ သွားလာနေသည့်ယာဉ်များ ခေတ္တရပ်ကာ ဟွန်းတီးရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ အသိပေး ညွှန်ကြားထားသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်(စနေနေ့) (၇၈)နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံးတိုင်ဝက်လွှင့်ထူရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ဥဩဆွဲအချက်ပေးရေးနှင့် ယင်းအချိန်တွင်သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးစေရေးတို့အတွက် လက်အောက်ဌာန/ရုံးအဆင့်ဆင့်သို့ ဆက်လက်အသိပေးညွှန်ကြား ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက အစိုးရရုံးဌာနအဖွဲ့အစည်းအားလုံးသို့ ညွှန်ကြားထားကြောင်း သိရသည်။
ထို့ပြင် (၇၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားကျင်းပမည့် နံနက် ၄ နာရီမှ အခမ်းအနားပြီးစီးချိန်အထိ အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှ လည်းကောင်း၊ ရွှေဂုံလမ်းအား ဓမ္မစေတီ – ရွှေဂုံလမ်းဆုံမှ လည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းမှ ဦးထောင်ဘိုလမ်းအထိလည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံထိလည်းကောင်း လမ်းပိတ်/လမ်းလွှဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထားသည်။
ထို့အတူ နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ နတ်မောက်လမ်းအား ဝင်္ကဘာလမ်းဆုံမှ ဖိုးစိန်လမ်းဆုံအထိ လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ဖွင့်လှစ်ပြသမည့် ဗိုလ်ချုပ်ပြတိုက်လမ်းအား ငါးထပ်ကြီးဘုရားလမ်းဆုံနှင့် စောမဟာလမ်းဆုံမှလည်းကောင်း၊ ဗိုလ်ချိုလမ်းအား ရွှေကြက်ယက်လမ်းဆုံမှလည်းကောင်း လမ်းပိတ်/လမ်းလွှဲဆောင်ရွက်သွားမည်ဖြစ်သည်။
အတွင်းဝန်ရုံးတွင် အလံတင်အခမ်းအနားကျင်းပမည့် ဇူဘိုင် ၁၉ ရက် အာဇာနည်နေ့ မနက် ၅ နာရီမှ ညနေ ၆ နာရီအထိ သိမ်ဖြူလမ်းအား ဗိုလ်ချုပ်လမ်းဆုံမှ ကုန်သည်လမ်းဆုံထိလည်းကောင်း၊ အနော်ရထာလမ်းအား ဗိုလ်မြတ်ထွန်းလမ်းဆုံမှ လည်းကောင်း၊ မဟာဗန္ဓုလလမ်းအား ပန်းဆိုးတန်းလမ်းဆုံမှလည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်းအား ကုန်သည်လမ်းဆုံမှလည်းကောင်း လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ယာဉ်မောင်းသူပြည်သူများအနေဖြင့် အခမ်းအနား ကျင်းပစဉ် လမ်းပိတ်/လမ်းလွှဲဆောင်ရွက်နေသည့်အချိန်များတွင် အခြားသင့်လျော်သောလမ်းများမှ မောင်းနှင်သွား လာကြပါရန် ကြိုတင်အသိပေးနှိုးဆော်ထားသည်။
အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)များသို့ လာရောက်ဂါရဝပြုမည့် မိဘပြည်သူများ သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ပေးကြရန် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် မေတ္တာရပ်ခံပန်ကြားထားသည်။

