၁၇.၇.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြုတ်ချခံလိုက်ရသည့် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ၏ ဇာတိမြို့ဖြစ်သော နိုင်ငံတောင်ပိုင်းရှိ ဂိုပါလ်ဂါနီမြို့တွင် ရဲတပ်ဖွဲ့နှင့် ဟာစီနာကိုထောက်ခံသူများအကြား ဇူလိုင် ၁၆ ရက်က တိုက်ခိုက်မှုများဖြစ်ခဲ့ရာ အနည်းဆုံးလူသုံးဦး သေဆုံးခဲ့ရကြောင်း အာဏာပိုင်များက ပြောခဲ့ကြသည်။
ဟာစီနာ၏နိုင်ငံရေးပါတီဖြစ်သော အဝါမီလိဂ်ပါတီ(Awami League) အဖွဲ့ဝင်များက National Citizens Party(NCP) ပါတီမှပြုလုပ်သည့် လူထုစည်းဝေးဟောပြောပွဲတစ်ရပ်ကို ဖျက်လိုဖျက်ဆီးဖြစ်အောင် ပြုလုပ်ခဲ့ကြရာတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ NCP ပါတီကို ယမန်နှစ်အတွင်းက ဆန္ဒပြမှုများကို ဦးဆောင်ခဲ့သည့်ကျောင်းသားများက ဖွဲ့စည်းထားခြင်းဖြစ်သည်။
NCP ခေါင်းဆောင်များ လူထုစည်းဝေးဟောပြောပွဲသို့ ရောက်ရှိအလာတွင် အဝါမီလိဂ် ပါတီထောက်ခံသူများက စတင်တိုက်ခိုက်ခဲ့ကြပြီး ကားများကိုဖျက်ဆီးခဲ့ကြသည်ကို သတင်းဗီဒီယိုများတွင် တွေ့ရသည်။
တိုက်ခိုက်မှုများအတွင်း ရဲတပ်ဖွဲ့ပါ ပါဝင်လာခဲ့ပြီးနောက်တွင်မူ လူသုံးဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရခဲ့ကြခြင်းဖြစ်သည်။ ဒဏ်ရာရသူများတွင် ကျည်ဆံထိမှန်သော ဒဏ်ရာများလည်းပါဝင်သည်ဟု ဂိုပါလ်ဂါနီခရိုင်ဆေးရုံမှ သူနာပြုဆရာမတစ်ဦးဖြစ်သော ဘာရယ်လ်က ပြောခဲ့သည်။
ဘာရယ်လ်က “တိုက်ခိုက်မှုတွေမှာ သေဆုံးတဲ့သူတစ်ဦးအမည်ကတော့ ရမ်ဂျန် ဆစ်ခ်ဒါလို့သိရတယ်။ ကျန်သေဆုံးသူနှစ်ယောက်ရဲ့ အလောင်းတွေကိုတော့ မိသားစုတွေ လာယူသွားကြပြီ” ဟုပြောခဲ့သည်။
ဂိုပါလ်ဂါနီခရိုင်၏အာဏာပိုင်များက အကြမ်းဖက်တိုက်ခိုက်မှုများအပြီးတွင် ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။
ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင် မူဟာမက် ယူနွတ်စ်က NCP ပါတီမှပြုလုပ်သော ဟောပြောပွဲကို ဖျက်လိုဖျက်ဆီးပြုလုပ်ခဲ့ခြင်းက ၎င်းတို့၏အခြေခံအခွင့်အရေးများကို ရှက်ဖွယ်ကောင်းသော ချိုးဖောက်အကြမ်းဖက်မှုဟု ပြောခဲ့သည်။
NCP ပါတီက ယမန်နှစ်ဆူပူအုံကြွမှု အမှတ်တရအဖြစ် နိုင်ငံအနှံ့ကျင်းပမည့် ၎င်းတို့၏ July March အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဂိုပါလ်ဂါနီမြို့တွင် ဟောပြောပွဲကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ဂိုပါလ်ဂါနီမြို့က အဝါမီလိဂ် ပါတီ၏ အခိုင်အမာနေရာတစ်ခုလည်းဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တည်ထောင်ခဲ့သူ ရှိတ်မူဂျီဘာရာမန်နှင့် သမီးဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာတို့၏ဇာတိမြို့ဖြစ်သကဲ့သို့ ဟာစီနာ ရွေးကောက်ပွဲယှဉ်ပြိုင်ရာ မဲဆန္ဒနယ်လည်းဖြစ်သည်။
NCP ပါတီမှ စည်းရုံးညှိနှိုင်းရေးမှူးတစ်ဦးဖြစ်သည့် ဟတ်စ်နတ် အဗ္ဗဒူလာက အကြမ်းဖက်တိုက်ခိုက်ခံရအပြီးတွင် စည်းဝေးဟောပြောပွဲလုပ်မည့် လူစုလူဝေးကို ရဲစခန်းတစ်ခုတွင် ခေတ္တခိုလှုံနေရကြောင်း ပြောခဲ့သည်။ ၎င်းက လုံခြုံမှုမရှိသေးဟု ခံစားရကြောင်း၊ တိုက်ခိုက်သူများက ၎င်းတို့ကို မီးရှို့မည်ဟုပင် ခြိမ်းခြောက်ခဲ့ကြောင်းပြောခဲ့သည်။
အကြမ်းဖက်တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အဝါမီလိဂ်ပါတီကို တားဆီးပိတ်ဆို့မှု ပြုပေးရန် NCP ပါတီက တောင်းဆိုခဲ့သည်။
Ref- AFP




