၁၇. ၇. ၂၀၂၅
Written by Nay Moe
NUG လက်အောက်ခံ ဝက်လက် PDF များ တိုက်ခိုက်သတ်ဖြတ် မောင်းထုတ်သဖြင့် AA ထံ ခိုလှုံပြီးနောက် ပြည်မပြန်လာကာ ဗိုလ်နဂါး၏ BNRA ၊ ယောကာကွယ်ရေးတပ် (YDF) တို့နှင့် မဟာမိတ်ပြုလုပ်ခြေချနေသည့် General Z Army ၏ ဥက္ကဋ္ဌ/စစ်ဦးစီးချုပ် အောင်ကျော်မျိုးထက် အပါအဝင် YDF တပ်မှူးတချို့ကို YDF မှ ခွဲထွက်သွားသူ တပ်မှူးများပါဝင်သော အဖွဲ့က ပြန်လည်လုပ်ကြံမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ (၁၅) ရက်နေ့ – နေ့ခင်း ၂ နာရီ မိနစ် ၅၀ ခန့်တွင် Generation Z Army (GZA) ၏ ဥက္ကဋ္ဌ တစ်ဖြစ်လည်း စစ်ဦးစီးချုပ် (၁) ဦး၊ ဗဟိုစစ်ရုံးချုပ်-ကိုယ်ရေးအရာရှိ (၁) ဦး၊ အမှတ်-၂ တပ်ရင်း – တပ်ရင်းမှူး (၁) ဦး၊ ဆေးသူနာပြု (၂) ဦးအပြင် ယောကာကွယ်ရေးတပ် (YDF) ၏ လုံခြုံရေးတပ်မှူး (၁) ဦးနှင့် လုံခြုံရေးတပ်သား (၁) ဦးအား ဂန့်ဂေါခရိုင်၊ ကန်စွန်းထောင့်ကျေးရွာနှင့် ယင်းမာကျေးရွာအကြား ဂန့်ဂေါခရိုင် တပ်ရင်း (၁၀)၊ တပ်ခွဲ (၇) ၏ စခန်းအနီးတွင် ဂန့်ဂေါခရိုင်တပ်ရင်း၏ ယူနီဖောင်း ဝတ်ဆင်ထားသည့် လူအင်အား (၂၃) ဦးခန့်မှ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
Generation Z Army (GZA) ၏ ဥက္ကဋ္ဌ တစ်ဖြစ်လည်း စစ်ဦးချုပ် အောင်ကျော်မျိုးထက်နှင့် ဆေးသူနာပြု-၁ မှာ အသက်ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ပြီး ကျန်ဆေးသူနာပြု- ၂ မှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကာ လုပ်ကြံပစ်ခတ်သူများထံ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ ထို့အပြင် GZA ၏ ဗဟိုစစ်ရုံးချုပ်-ကိုယ်ရေးအရာရှိ ကိုပါကြီးနှင့် အမှတ်-၂ တပ်ရင်း – တပ်ရင်းမှူး ကိုဘီလူးမှာ လုပ်ကြံသူများကို ပြန်လည်ခုခံခဲ့ရာ ၎င်းတို့ (၂) ဦးမှာ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး လုပ်ကြံသူများထံ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ (၁၅) ရက်နေ့ – ည ၇ နာရီခန့်တွင် GZA မှ လုံခြုံရေးတပ်သား (၂၀) ဦးခန့် အသုံးပြု၍ ဗဟိုစစ်ရုံးချုပ်-ကိုယ်ရေးအရာရှိ ကိုပါကြီးနှင့် အမှတ်-၂ တပ်ရင်း – တပ်ရင်းမှူး ကိုဘီလူးအား လုပ်ကြံသူများထံမှ ကယ်ဆယ်နိုင်ခဲ့သည်။ လက်ရှိတွင် GZA ၏ ဗဟိုစစ်ရုံးချုပ် ကိုယ်ရေးအရာရှိ ကိုပါကြီးမှာ ဦးခေါင်း၊ ရင်ဘက်၊ လက်နှင့် ပေါင်တွင် ပစ်ခတ်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရသည်။ အလားတူ GZA ၏ အမှတ်-၂ တပ်ရင်း -တပ်ရင်းမှူး ကိုဘီလူးမှာ ပေါင်တွင် ပစ်ခတ်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း နာတာရှည်ဝေဒနာ ခံစားရမည်ကို စိုးရိမ်ရသည့် အနေအထား ရှိသည်။
အထက်ဖော်ပြပါ လူနာရဲဘော် (၂) ဦး၏ ပြောကြားချက်အရ ၎င်းတို့သည် ဖမ်းဆီးထိန်းသိမ်းခံရချိန်တွင် လုပ်ကြံသူများ၏ သေနတ်ဒင်ဖြင့် ခေါင်းအားရိုက်နက်၍ ညင်းပန်းနှိပ်စက်မှုကို ခံခဲ့ရကြောင်း သိရသည်။ ထို့အပြင် ဤလုပ်ကြံမှုတွင် ဂန့်ဂေါခရိုင်တပ်ရင်း (၁၀)၊ တပ်ခွဲ (၇) ၏ ပါဝင်မှု၊ ယောကာကွယ်ရေးတပ် (YDF) ကို ပုန်ကန်သူ တပ်မှူးများ “ကိုကောင်းကောင်း”၊“ကိုယောလင်း”၊ “ကိုဆန်းကိုဦး” နှင့် တပ်သားများ၏ ပါဝင်မှုကို ဦးစွာအတည်ပြုနိုင်ခဲ့သည်။ ထို့အပြင် အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများ၏ ပါဝင်မှုကို ကနဦးသတင်းရရှိထားပြီး ၎င်းအခြေအနေများကို ဆက်လက်စုံစမ်းလျက်ရှိသည်။
ထို့အပြင် ဖမ်းဆီးခံ ရဲဘော် (၂) ဦး၏ ပြောကြားချက်အရ လုပ်ကြံသူများထံ ထိန်းသိမ်းခံရပြီးနောက် လမ်းတွင် ဂန့်ဂေါခရိုင်တပ်ရင်း (၁၀)၊ တပ်ခွဲ (၇) – တပ်ခွဲမှူးနှင့် တွေ့ရှိခဲ့ရပြီး ၎င်းသည် ဂန့်ဂေါခရိုင်တပ်ရင်း (၁၀) – တပ်ရင်းမှူးနှင့် သွားတွေ့မည်ဖြစ်ကြောင်း ပြောကြားခဲ့ဖြင့် ၎င်းတို့ (၂) ဦးလုံး၏ ပါဝင်ပတ်သက်မှုကိုလည်း အတည်ပြုနိုင်ခဲ့ကြောင်းနှင့် လုပ်ကြံသူများမှာ ကနဦးတွင် ကိုပါကြီးနှင့် ကိုဘီလူးကို အခင်းဖြစ်ပွားရာနေရာတွင် သတ်ဖို့ ရည်ရွယ်ခဲ့သော်လည်း ယောကာကွယ်ရေးတပ် (YDF) ကို ပုန်ကန်သူ တပ်မှူး “ကိုစန်းကိုဦး” မှ တားမြစ်ခဲ့သည်။ လမ်းတွင် ယောကာကွယ်ရေးတပ် (YDF) ကို ပုန်ကန်သူ တပ်မှူး “ကိုယောလင်း” အား GZA ၏ အမှတ်-၂ တပ်ရင်း – တပ်ရင်းမှူး ကိုဘီလူးက မျက်မြင်တွေ့ရှိခဲ့ရပြီး ယောကာကွယ်ရေးတပ် (YDF) ကို ပုန်ကန်သူ တပ်မှူး “ကိုကောင်းကောင်း” ကိုလည်း ကိုပါကြီးမှ မျက်မြင်တွေ့ရှိခဲ့ရသဖြင့် ၎င်းတို့ (၃) ဦးလုံး၏ ပါဝင်ပတ်သက်မှုကိုလည်း အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် လုပ်ကြံသူများမှာ အထက်ဖော်ပြချက်တွင် မပါရှိသေးသော အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများ၏ လက်နက်ခဲယမ်းများ တပ်ဆင်ထားသည်ကိုလည်း မျက်မြင်တွေ့ရှိခဲ့ရကြောင်း လူနာရဲဘော် (၂) ဦးမှ သက်သေထွက်ဆိုခဲ့ရာ စုံစမ်းမှုများကို ဆက်လက်ပြုလုပ်သွားရန် ရှိကြောင်း၊ GZA နှင့် YDF အား လုပ်ကြံသူများနှင့် စပ်လျဉ်းကြံစီကျူးလွန်သူများကို တရားဥပဒေအရ ပြည့်ဝစွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
