၁၇.၇. ၂၀၂၅
Written by Hey Mar
လုပ်ဖော်ကိုင်ဘက်က ဓာတ်လိုက်နေတာကို ကူညီကယ်တင်ရာက ကိုယ်တိုင် ဓာတ်လိုက်သေဆုံးခဲ့ရတဲ့ဖြစ်စဉ် ဇူလိုင်လ ၁၅ ရက်နေ့ညက ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်က 1 Stop Mart Convenience Store တစ်ဆိုင်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ အဖြူရောင်မေတ္တာ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က အင်းစိန်မြိုနယ်၊ အောင်ဆန်းဈေးအနီး ရွှေကောင်းကြွယ်လက်ဘက်ရည်ဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာ ဖွင့်လှစ်ထားတဲ့ 1 Stop Mart Convenience Store မှာ ည ကိုးနာရီကျော်အချိန် ဆိုင်ပိတ်နေစဉ် ဖြစ်ပွားတာလို့ သိရပြီး ဆိုင်ရှေ့မှန်အကာမှာ တပ်ဆင်ထားတဲ့ လိုက်ကာကို ဆွဲပိတ်ရာက လိုက်ကာတပ်ထားတဲ့ သံကြိုးမှာ ချိတ်ငြိနေတဲ့ လျှပ်စစ်ဓာတ်ကြိုးအပြတ်ကနေတစ်ဆင့် လျှပ်စီးဝင်နေတာကို မသိရှိဘဲ လုပ်ဖော်ကိုင်ဘက်က ဆိုင်ပိတ်ဖို့ လိုက်ကာဆွဲပိတ်ရင်း ဓာတ်လိုက်နေတာကြောင့် အဆိုပါ သေဆုံးသူ လူငယ်က ကူညီလိုက်ရာမှာ တစ်ဖက်လူလွတ်မြောက်သွားခဲ့ပေမယ့် သူကတော့ လက်ဖျံမှာ ဓာတ်ကြိုးပတ်မိပြီး နေရာတင်သေဆုံးခဲ့တာပါ။

အဖြူရောင်မေတ္တာ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “သေဆုံးတဲ့ ကောင်လေးကလည်း အသက် ၂၃ နှစ်ပဲရှိသေးတယ်။ သူကယ်လိုက်တဲ့ ကောင်လေးက ၁၇ နှစ်။ ဆိုင်းဘုတ်အောက် ညာဘက် Ac မီးခလုပ်ကြားထဲ လိုက်ကာကြိုးဝင်နေတာဖြစ်မယ်။ သူတို့က မသိတော့ ဆွဲပိတ်ရာက ပထမ တစ်ယောက်က ဓာတ်လိုက်နေတာကို သူက လိုက်ကာကို ဆွဲဖြုတ်ချလိုက်တာ။ သူကယ်လိုက်တဲ့သူ လွတ်ပေမယ့် သူ့ကို ဓာတ်ကြိုး လက်ဖျံလာပတ်ပြီး ဓာတ်လိုက်သေဆုံးတဲ့အထိ ဖြစ်သွားတာ။ အိမ်ထောင်ကျတာလည်း မကြာသေးဘူးတဲ့။ သူ့မိန်းမကလည်း လာကြိုတော့ မိန်းမရှေ့တင်ဖြစ်သွားတာပဲ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သေဆုံးသူလူငယ်ကို မနေ့က ဇူလိုင် ၁၆ ရက်နေ့က လှိုင်သာယာထိန်ပင် သုသာန်မှာ သင်္ဂြိုဟ်ခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
