MT News
၁၆. ၇. ၂၀၂၅
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည်နိုင်ငံတော်မှ မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးတိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာ များအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူ များအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခြိမ်းခြောက်စာများပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိရာ ယခုလည်း နွားထိုးကြီးမြို့နယ်ပညာရေးမှူးနှင့် နတ်မောက်မြို့နယ်မှ ကျောင်းဆရာမသုံးဦးတို့အား PDF များ ဖမ်းဆီးခေါ်ဆောင်သွားမှု ဖြစ်ပွားခဲ့ပြန်သည်။
ဖြစ်စဥ်မှာ ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ကျွန်းဒေါင့်ကျေးရွာအနီး၌ PDF အဖွဲ့က ပညာရေးဝန်ထမ်းတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၄ နာရီတွင် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ(အရှေ့)ရပ်ကွက်နေ နွားထိုးကြီးမြို့နယ်ပညာရေးမှူး ဖြစ်သူ ဦးဗိုလ်အောင်နိုင်(၅၆)နှစ်သည် နွားထိုးကြီးမြို့မှ ကျွန်းဒေါင့်ကျေးရွာသို့ ခရီးသည်တင် မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် ကျွန်းဒေါင့်ကျေးရွာအနီးအရောက် PDF အဖွဲ့ (အင်အားစိစစ်ဆဲ)က မော်တော်ယာဉ်အား တားဆီးကာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဦးဗိုလ်အောင်နိုင်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ည ၆ နာရီ ၅၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ န-ဂွေးချို ကျေးရွာသို့ PDF ၁၀ ဦးခန့်က ဆိုင်ကယ် ၁၀ စီးဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် န-ဂွေးချိုကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးညွန့်(၄၃)နှစ်၊ ဒုတိယမူလတန်းပြဆရာမ ဒေါ်မာမာဆွေ(၃၅)နှစ်နှင့် လက်ထောက်မူလတန်းပြဆရာမ ဒေါ်နှင်းနှင်းဝေ(၂၆)နှစ်တို့သုံးဦးအား ဖမ်းဆီးကာ လျော်တောင် ကျေးရွာဘက်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ ပညာရေးကဏ္ဍတိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် PDF များဖမ်းဆီးခေါ်ဆောင်သွားသည့် ပညာရေးဝန်ထမ်းများအား ပြန်လည်ကယ်တင်နိုင်ရေးနှင့် အဆိုပါအကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
