၁၆. ၇. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယတပ်မတော် ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယစစ်ဦးစီးချုပ် (ထောက်လှမ်းရေး) Lieutenant General Shrinjay Pratap Singh, AVSM, YSM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးဖြစ်ပေါ်ကြုံတွေ့ခဲ့ရချိန်၌ အိန္ဒိယနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အချိန်နှင့်တစ်ပြေးညီ ကူညီပေးအပ်ခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာများတွင်လည်း ဆက်လက်ကူညီပေးသွားမည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ်ကို အနှစ်သာရရှိစွာဖြင့် ကျင်းပသွားမည်ဖြစ်သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ SAC ဒုတိယဥက္ကဋ္ဌနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယတပ်မတော် ကာကွယ်ရေးဆိုင်ရာထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယစစ်ဦးစီးချုပ် (ထောက်လှမ်းရေး)နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူးနှင့် အိန္ဒိယတပ်မတော်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
