၁၄. ၇. ၂၀၂၅
Written by Thettant
ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ ချန်ပီယံလိဂ်ဘုရင်ကြီးရီးရဲကို ဘာမှလုပ်မရအောင် ပညာပြပြီး လေးဂိုး ဂိုးမရှိနဲ့နိုင်ထားတဲ့ လက်ရှိ ချန်ပီယံလိဂ်ချန်ပီယံ PSG ဟာ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ တည်ဆောက်ဆဲချဲလ်ဆီးကို အသာအယာအနိုင်ယူသွားမယ်လို့ အများစုက မှတ်ထင်ခဲ့တာပါ။
ဘွတ်ကီတွေရဲ့ ကြေးတွေမှာလည်း PSG က အပေါ်ကြေးပေါက်နေသလို လက်ရှိနေရာစုံတည်ငြိမ်ကောင်းမွန်ပြီး ကစားသမားအားလုံးလိုလိုက ကမ္ဘာ့အဆင့်ခြေစွမ်းပြနေတယ်လို့ သတ်မှတ်နေချိန်မှာ ပါးလ်မားတစ်ယောက်သာ လောက်လောက်လားလားရှိတဲ့ချဲလ်ဆီးတို့ ဒုတိယနဲ့ပဲ ကျေနပ်ရမယ်လို့ ထင်ခဲ့ကြပေမဲ့ ပါးလ်မားဦးဆောင်လာတဲ့ ချဲလ်ဆီးက PSG ကို ရီးရဲဝဋ်လည်အောင် လုပ်ပြသွားခဲ့ပြီး ဒူအီကန်ချက် ဂိုးသမားဆီအတည့်ရောက်သွားတာကလွဲရင် လောက်လောက်လားလား လုပ်မပြနိုင်ခဲ့ဘဲ ချဲလ်ဆီးကသာ မိနစ် ၃၀ အထိ ဂိုးကန်ချက်ငါးကြိမ်ကန် နှစ်ကြိမ်ဂိုးပေါက်တည့်ရာကနေ နှစ်ဂိုးဝင်သွားခဲ့တာပါ။



ဒီနေရာမှာ နှစ်ဂိုးစလုံးက ပါးလ်မားရဲ့ ဂိုးတွေချည်းဖြစ်နေပြီး ပွဲကစားချိန် ၂၂ မိနစ်မှာ ဂတ်စ်တို ဖန်တီးပေးတဲ့အလုံးရော၊ ပွဲချိန်မိနစ် ၃၀ မှာ ကောလ်ဝဲ ဖန်တီးပေးတဲ့အလုံးပါ ဒွန်နာရူမာရဲ့ ညာဘက်အနိမ့်ဘောကို ၁၈ ကိုက်စည်းထိပ်ကနေ ပုံစံတူ ကန်သွားခဲ့တာပါ။
ဒီနေ့ဗိုလ်လုပွဲမှာ အောက်အသင်းချဲလ်ဆီးဟာ ဗိုလ်လုပွဲဆို သူကစားတတ်တဲ့ပုံစံအတိုင်း အတင်းဝင်၊ အတင်းဖျက်၊ ခပ်ကြမ်းကြမ်းပုံစံနဲ့ PSG အသင်း ဘောလုံးတည်မရအောင်လုပ်ပြီး ကောင်တာကနေ အလစ်ချောင်း ဂိုးရအောင် ကြိုးစားပြသွားနိုင်ခဲ့တာဟာ တစ်ချိန်က စပါယ်ရှယ်ဝမ်း မော်ရင်ဟိုလက်အောက်က ချဲလ်ဆီးကို ပြန်မြင်ခဲ့ရသလိုဖြစ်ပြီး မာရက်စကာရဲ့ စွမ်းရည်ကို ချီးကျူးရမှာပါ။
နှစ်ဂိုးပြတ်အသွင်းခံရပြီးနောက်မှာ PSG ဟာ ဘောလုံးပိုကိုင်ကစားလာနိုင်ပေမဲ့လည်း အိမ်စာလုပ်လာတဲ့ မာရက်စကာရဲ့ ချဲလ်ဆီးက ဇုန်အလိုက်ပိတ်ဆို့ကစားနေပြီး တန်ပြန်တိုက်စစ်ဆင်နေတာကြောင့် ပွဲချိန် ၄၃ မိနစ်မှာ ဂျာအိုပတ်ဒရိုက ဒီနေ့ပွဲရဲ့ Big Game Master အဖြစ် ခြေစွမ်းပြနေတဲ့ ပါးလ်မားရဲ့ ဖန်တီးပေးမှုကို ဒွန်နာရူမာကို ကျော်သွင်းပြီး တတိယဂိုးသွင်းယူသွားခဲ့ပါတယ်။
ဂိုးပြတ်ရှုံးနေတဲ့ PSG တို့ ချေပဂိုးရဖို့ ကြိုးစားပေမဲ့ ချဲလ်ဆီးက ဘောလုံးပေးကိုင်ထားလို့ တက်လာနေတဲ့ ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးသမားဖမ်းမိပြန်တဲ့ ဂိုးရလုနီးပါးကန်ချက်ကလွဲရင် ဂိုးရဖို့အခွင့်အရေးမရခဲ့တာကြောင့် PSG တို့ ပထမပိုင်းမှာ ရုပ်ပျက်ဆင်းပျက်ရှုံးရသလို ချဲလ်ဆီးတို့လည်း မှော်ဝင်သလို သုံးဂိုးပြတ်နိုင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ချဲလ်ဆီးကို ချေပဂိုးသွင်းဖို့ PSG တို့ ကြိုးစားပေမဲ့ မှော်ဝင်နေတဲ့ ဆန်းချက်က ကာကွယ်နိုင်နေခဲ့ပါတယ်။ ခံစစ်တောင်ပံနှစ်ဖက်က ဟာကီမီနဲ့ မန်ဒက်စ်တို့ ပါးလ်မားတို့ကို လန့်ပြီး တိုက်စစ်မလိုက်ရဲဖြစ်နေတာက ဒူအီတို့ ခါဗရာစကယ်လီယာတို့ ဒမ်ဘီလီတို့ကို အကျပ်ရိုက်စေခဲ့သလို ဗစ်တင်ဟာတို့ ကွင်းလယ်ကိုပါ ကြောင်ပျောက်နေခဲ့ကြီး ဘောလုံးကြီးကိုင် ဘာလုပ်ရမယ်မသိဖြစ်နေခဲ့ပြီး ပွဲချိန် မိနစ် ၇၀ အထိ PSG တို့ ဂိုးပေါက်တည့်ကန်ချက်ကို ထပ်မရဘဲ စိတ်ပျက်စရာဖြစ်နေခဲ့ပါတယ်။ ကျန်တဲ့ပွဲကစားချိန်မှာ ချဲလ်ဆီးက ခြေစွမ်းပြနေသူ ရိစ်ဂျိမ်း၊ အန်ဇို၊ ပတ်ဒရို၊ နက်တို တို့ကိုထုတ်ပြီး ဟောလ်၊ အန်ကွန်ကူ၊ ဒီလပ်၊ ဆန်းတို့စ်တို့ကို ထည့်ကစားခဲ့လည်း PSG တို့ ချဲလ်ဆီးကို မယှဥ်နိုင်တော့သလို ပိုဆိုးတာက ဂျာအိုနီးဗက်စ်ဟာ သူကို ဘော်ဒီခုလို့ဝင်တိုက်တဲ့ ကူကူရယ်လာကို ဆံပင်ဆောင့်ဆွဲတာ အဝါကတ်ပဲထိပေမဲ့ Var Check ပြီး အနိကတ်ပြလို့ ပွဲချိန် ၈၅ မိနစ်မှာ အထုတ်ခံရချိန်မှာ PSG တို့ အရာရာပြီးဆုံးသွားခဲ့ပါတယ်။
ဒီနေ့ပွဲအတွက် ချဲလ်ဆီးဘက်မှာ ချီးကျူးရမှာက ပါးလ်မား၊ ဆန်းချက်၊ ပတ်ဒရို၊ ကိုင်စီဒို၊ အန်ဇို၊ ဂတ်စ်တို၊ နက်တို တို့ဖြစ်ပြီး PSG က တစ်သင်းလုံးညံ့တဲ့အထဲ ဒွန်နာရူမာနဲ့ ဘာရယ်ဒိုက ထူးထူးကဲကဲ ညံ့တယ်ပြောရမှာပါ။ အဆုံးသတ်မှာတော့ PSG ရဲ့ Prime Time နဲ့ ဗိုလ်လုပွဲတွေမှာ ရေပန်းမစားပေမဲ့ ဖလားရအောင် အားထုတ်တတ်တဲ့ ချဲလ်ဆီးကြောင့် အကြိတ်အနယ်ပွဲတစ်ခုကို အားပေးရတော့မယ်လို့ ထင်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ပရိသတ်ထုဟာ PSG ရဲ့ Prime Time မှာတောင် စုတ်ပြတ်သတ်နေတဲ့ခြေစွမ်းပဲ တွေ့လိုက်ရပြီး အဆုံးသတ်မှာတော့ ဥရောပမှာ အနိမ့်ဆုံး ယူရိုပါကွန်းဖရန်လိဂ်ချန်ပီယံချဲလ်ဆီးက အမြင့်ဆုံးဖြစ်တဲ့ ချန်ပီယံလိဂ်ချန်ပီယံ PSG ကို လှလှပပ အနိုင်ယူပြီး ကလပ် ကမ္ဘာ့ဖလားကို ဆွတ်ခူးသွားပါတော့တယ်။
ဒီနေ့ ချဲလ်ဆီးရဲ့ အနိုင်ပွဲကို အမေရိကန်သမ္မတထရမ့်ပ်နဲ့ ဇနီးအပြင် အခြား ကမ္ဘာကျော်ပုဂ္ဂိုလ်တချို့လည်း လာကြည့်ခဲ့တာ တွေ့ရပြီး ဒီပွဲအနိုင်ကြောင့် ချဲလ်ဆီးဟာ ဆုကြေးဒေါ်လာ သန်း ၁၀၀ ကျော် ဆွတ်ခူးနိုင်မယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
