MT News
၁၄. ၇. ၂၀၂၅
ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်ဖြင့် ဖွဲ့စည်းထားပြီး တရုတ်၊ ရုရှားနှင့် အိန္ဒိယနိုင်ငံတို့ပါဝင်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ဒုတိယအကြိမ်မြောက် ဒစ်ဂျစ်တယ်စီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံက ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားလိုက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ ကျင်းပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization) ၏ ဒုတိယအကြိမ်မြောက် ဒစ်ဂျစ်တယ်စီးပွားရေးဖိုရမ်တက်ရောက်ရန် တရုတ်နိုင်ငံသို့ ဇူလိုင် ၉ ရက်မှ ၁၂ ရက်အထိ သွားရောက်ခဲ့သည်။
အဆိုပါဖိုရမ်ကို ဒုတိယအကြိမ်ကျင်းပခြင်းဖြစ်ပြီး ဖိုရမ်အတွင်း ဝန်ကြီးအဆင့် တံခါးပိတ်အစည်းအဝေး၊ open forum နှင့် ခေါင်းစဉ်အလိုက် သီးခြားဆွေးနွေးမှုများအပြင် ထျန်းကျင်းတက္ကသိုလ်များမှ ကျွမ်းကျင်ပညာရှင်များ၏ ဟောပြောပို့ချဆွေးနွေးမှုများပါ ပါဝင်သည်။
ဇူလိုင် ၁၀ ရက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ထျန်းကျင်းဧည့်ဂေဟာ၌ ပြုလုပ်သည့် နိုင်ငံတကာမှ ဝန်ကြီးအဆင့် ကိုယ်စားလှယ်များအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Data Administration ၏ ဝန်ကြီးဖြစ်သူ H.E. Liu Liehong က တည်ခင်းသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။
ညစာစားပွဲတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် SCO အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာဘက်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ရာတွင် ဒစ်ဂျစ်တယ်စီးပွားရေးအကောင်အထည်ဖော်ခြင်းနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း ဆောင်ရွက်ရာတွင် ကောင်းသည်များရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိပါကြောင်း၊ စိန်ခေါ်မှုများကို နိုင်ငံတကာပူးပေါင်းဖြေရှင်းမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် SCO အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးပြောကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ပါဝင်သော ကိုယ်စားလှယ်ဝန်ကြီးများသည် ထျန်းကျင်းမြူနီစီပယ်အဖွဲ့ အထွေထွေအတွင်းရေးမှူးနှင့် ထျန်းကျင်းမြို့တော်ဝန်တို့နှင့် ညစာ စားပွဲမတိုင်မီ သီးသန့်ဧည့်ခန်းမဆောင်၌ ရင်းနှီးစွာတွေ့ဆုံဆွေးနွေးမှုများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
ဖိုရမ်ဖွင့်ပွဲကို ဇူလိုင် ၁၁ ရက် နံနက် ၁၀ နာရီတွင် Renaissance Tianjin Lakeview ဟိုတယ်၌ကျင်းပရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဗဟိုကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် နိုင်ငံတော်ကောင်စီဒုတိယဝန်ကြီးချုပ် H.E. Ding Xuexiang၊ National Data Administ-ration ၏ ဝန်ကြီး၊ ထျန်းကျင်းမြူနီစီပယ်အဖွဲ့ အထွေထွေအတွင်းရေးမှူးနှင့် ထျန်းကျင်းမြို့တော်ဝန်တို့ တက်ရောက်အမှာစကားပြောကြားကြသည်။
ထို့အတူ ဖိုရမ်ဖွင့်ပွဲ၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယနေ့ဒစ်ဂျစ်တယ်စီးပွားရေးသည် လူ့အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် နေထိုင်မှုပုံစံများကို များစွာပြောင်းလဲပေးနေသည့် စွမ်းအားတစ်ခုဖြစ်လာကြောင်း၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုများအတွက် အသက်သွေးကြောဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်စီးပွားရေးသည် မြန်မာနိုင်ငံအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကြံ့ခိုင်မှုရှိစေနိုင်သည့် ဗျူဟာမြောက်အင်အားအဖြစ် ရှုမြင်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူ/ ပြည်သားများအတွက် အကျိုးရှိစေမည့် ယုံကြည်စိတ်ချရပြီး အားလုံးပါဝင်နိုင်သည့် ဒစ်ဂျစ်တယ်စီးပွားရေးကို တည်ဆောက်မြှင့်တင်သွားရန် ဆုံးဖြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာများသည် နိုင်ငံနယ်နိမိတ်များကို လိုက်နာခြင်းမရှိသည့်အတွက် ဒစ်ဂျစ်တယ်စီးပွားရေး၏ စိန်ခေါ်မှုများကို ဖြေရှင်းသည့်အခါ နိုင်ငံတကာပူးပေါင်းမှု လိုအပ်ပါကြောင်း၊ SCO အဖွဲ့ဝင်နိုင်ငံများအတွင်း အလေ့အကျင့်ကောင်းများနှင့် အရင်းအမြစ်များကို မျှဝေပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းတွင်သာမက ကမ္ဘာတစ်ဝန်း ဒီဂျစ်တယ်စီးပွားရေး၏ အကျိုးကျေးဇူးများကို အပြည့်အဝခံစားနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် SCO အဖွဲ့ဝင်အားလုံးနှင့် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယုံကြည်စိတ်ချရပြီး အားလုံးပါဝင်နိုင်သည့် ကြံ့ခိုင်မှုပြည့်ဝသော ဒစ်ဂျစ်တယ်အနာဂတ်ကို တည်ဆောက်ရာတွင် လက်တွဲပူးပေါင်းကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများက ၎င်းတို့၏နိုင်ငံအသီးသီးတွင် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဒစ်ဂျစ်တယ်ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေသည့်အခြေအနေကို ဆွေးနွေးတင်ပြကြသည်။
ယခုနှစ် ဖိုရမ်သို့ ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်ရှိသော တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် အရှေ့အလယ်ပိုင်းမှ အဖွဲ့ဝင်နိုင်ငံများ ကိုယ်စားလှယ်စုစုပေါင်း ၆၀၀ ခန့် ပါဝင်တက်ရောက်ကြသည်။ ဖိုရမ်အတွင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောအဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Data Administration နှင့် ထျန်းကျင်း ပြည်နယ်အစိုးရတို့၏ အစီအစဉ်ဖြင့် ဇူလိုင် ၉ ရက်တွင် ထျန်းကျင်းဆိပ်ကမ်းရှိ Smart Zero-Carbon container terminal နှင့် Binhai မြို့သစ်စီမံကိန်းပြတိုက်များသို့လည်းကောင်း၊ ဇူလိုင် ၁၀ ရက်တွင် ထျန်းကျင်းမြို့ပြ စီမံကိန်းပြခန်းသို့လည်းကောင်း၊ ဇူလိုင် ၁၁ ရက်တွင် G7 Connect ကုမ္ပဏီသို့လည်းကောင်း၊ ဇူလိုင် ၁၂ ရက်တွင် Fit Testing Technology သို့လည်းကောင်း သွားရောက်၍ artificial intelligence, big data နှင့် IoT နည်းပညာအပါအဝင် ဒစ်ဂျစ်တယ်နည်းပညာများကို နိုင်ငံတော်နှင့် စီးပွားရေးလုပ်ငန်းများအတွက် အကျိုးရှိစွာ အသုံးပြုနေမှုကို သွားရောက်လေ့လာခဲ့ကြပြီး ဇူလိုင် ၁၃ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organisation) သည် တရုတ်နှင့် ရုရှားနိုင်ငံ အပါအဝင် အာရှအလယ်ပိုင်းနိုင်ငံများ ဦးဆောင်ဖွဲ့စည်းထားသော နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာ လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့အစည်းဖြစ်သည်။ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ သည် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်အထိ ရှိကာ ၂၀၂၃ ခုနှစ်စာရင်းအရ ၎င်း၏စုစုပေါင်း GDP သည် ကမ္ဘာ့ GDP ၏ ၃၂ ရာခိုင်နှုန်း ဝန်းကျင်ရှိသည်။ အမြဲတမ်းအဖွဲ့ဝင် ၁၀ နိုင်ငံ၊ လေ့လာသူအဆင့် ၁ နိုင်ငံနှင့် ဆွေးနွေးဖက်နိုင်ငံ ၁၄ နိုင်ငံပါဝင်သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ဆွေးနွေးဖက် နိုင်ငံအဖြစ် ပူးပေါင်းပါဝင်ခဲ့သည်။
