၁၄. ၇. ၂၀၂၅
Translated by Tha Doe
ကမ္ဘာကျော်တန်ဖိုးကြီးဇိမ်ခံနာရီတွေထဲမှာမှ ဒေါ်လာသိန်းချီပေးရပြီး မြန်မာနိုင်ငံမှာပါ နာမည်ကျော်လူသိများ တန်ဖိုးကြီးမားလှတဲ့ ပတတ်ဖိလစ် (Patek Philippe) နာရီတစ်လုံးကို အွန်လိုင်းကနေ ဝယ်ယူသူထံ ဒယ်လီ (Delivery) နဲ့ ပို့ဆောင်ချိန်မှာ ဝယ်ယူသူက ငွေပေးချေမှုမရှိဘဲ နာရီယူသွားခဲ့တာကြောင့် လိမ်လည်ခိုးယူမှုနဲ့ အမှုဖွင့်ခဲ့ရတဲ့ဖြစ်စဥ် ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဥ်ကို ဇူလိုင် ၁၃ ရက်မှာ ဘန်ကောက်ရဲ့ နာမည်ကျော် Soi Lat Phrao 101 မှာရှိတဲ့ နာမည်ကြီး ပါဆယ်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုရဲ့ တိုင်ကြားချက်အရ Lat Phrao ရဲစခန်းက ရဲမှူးကြီး Ekpote Manee ထံကို သတင်းပို့လာပြီး ဘတ် ၅ ဒသမ ၆၅ သန်း (အမေရိကန်ဒေါ်လာ ၁၇၄,၄၁၀) တန်ဖိုးရှိ အဆင့်မြင့် ဇိမ်ခံနာရီ Patek Philippe တစ်လုံးကို လာထုတ်သွားတဲ့ ဝယ်သူက ငွေပေးချေခဲ့မှုမရှိတာကြောင့် လိမ်လည်ခိုးယူမှု ဖြစ်သွားခဲ့တာလို့ သတင်းပို့တိုင်ကြား အမှုဖွင့်သွားခဲ့တာကိုပါ။
Patek Philippe Nautilus 5980:60G-001 ဟာ ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ အဆင့်မြင့်နည်းပညာပေါင်းစပ်ထားတဲ့ တန်ဖိုးကြီး Sport Watch နာရီဖြစ်ပြီး ၂၀၂၄ ကမှ မိတ်ဆက်ခဲ့တာပါ။ နာရီဒိုင်ခွက်ဟာ ရွှေဖြူနဲ့ လုပ်ထားသလို ဂျင်းပြာရောင်ဒိုင်ခွက်နဲ့ နွားကလေးသားရေကို ဂျင်းဘောင်းဘီကြိုးလိုကျစ်ထားပြီး ရွှေဖြူချိတ်နဲ့ ကြိုးအပိုထည့်ထားသလို သင်္ဘောပြတင်းပေါက်ကို အခြေခံပြီး ဒီဇိုင်းထုတ်ထားတဲ့ Nautilus ရဲ့ ထူးခြားတဲ့ ပုံစံ၊ ကွေးညွတ်နေတဲ့ ရှစ်မြှောင့်ဘောင် (Octagonal bezel) တွေက ထင်ရှားပါတယ်။ Case ပေါ်မှာ Polished (ပြောင်လက်အောင် ပွတ်တိုက်ထားတာ) နဲ့ Satin-brushed (ကြမ်းတမ်းတဲ့အသွင်ပေးထားတာ) တွေနဲ့ ပေါင်းစပ်ပြီး ဇိမ်ခံအသွင်အပြင်ကို ဖန်တီးထားတာ၊ Flyback Chronograph ပါဝင်တာ၊ ၉၈ ပေအထိ ရေစိုဒဏ်ခံနိုင်တာ စတဲ့အချက်များစွာကြောင့် မူရင်းစျေးထက် နှစ်ဆကျော်ဖြစ်လာပြီး စျေးကွက်လိုအပ်ချက် မြင့်တက်နေတဲ့ တန်ဖိုးကြီးစုဆောင်းသူတွေအကြိုက်နာရီပါ။
ဒီလို ဘတ် ၅ ဒသမ ၆၅ သန်း (အမေရိကန်ဒေါ်လာ ၁၇၄,၄၁၀) တန်ဖိုးရှိ အဆင့်မြင့် ဇိမ်ခံနာရီ Patek Philippe ကို ဇူလိုင် ၁၂ ရက် နေ့ဘက်မှာ ဝယ်ယူသူက ငွေပေးချေမှုမရှိဘဲ ထုတ်ယူသွားလို့ Lat Phrao ရဲစခန်းဆီ Soi Lat Phrao 101 မှာရှိတဲ့ နာမည်ကြီး ပါဆယ်ပို့ဆောင်ရေးလုပ်ငန်းက အဲဒီနေ့ ည ၇ နာရီ ၃၃ မိနစ် အချိန် သတင်းပေးပို့ တိုင်ကြားလာမှုကို ရဲစခန်းက ရဲမှူးကြီးထံ ဇူလိုင် ၁၃ ရက်မှာ ထပ်ဆင့် တင်ပြခဲ့တာပါ။
အဆိုပါ အစီရင်ခံစာမှာ ပေးပို့သူ၊ လက်ခံသူ အချက်အလက် ကွဲလွဲမှုနဲ့ ပတ်သက်လို့ Lat Phrao ရဲဌာနဆီ အကြောင်းကြားလာပြီးနောက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ရာမှာ ရောင်းသူက အွန်လိုင်းမှာ ပတတ်ဖိလစ်နာရီကို ရောင်းဖို့ ကြော်ငြာခဲ့ရာ Natthawat အမည်ရှိ အမျိုးသားတစ်ဦးက စိတ်ဝင်စားမှုတယ်ဆိုပြီး Line ကတစ်ဆင့် ဘတ် ၅ ဒသမ ၆၅ သန်းနဲ့ နာရီကို ဝယ်ယူဖို့ ဆွေးနွေးခဲ့တာပါ။ သဘောတူညီချက်အရ ရောင်းသူဟာ ပစ္စည်းကို ပို့ဆောင်ရေးဝန်ဆောင်မှုက တစ်ဆင့် ပို့ဆောင်ခဲ့တာပါ။
ဒါပေမဲ့ Natthawat က ငွေပေးချေမှု မပြုလုပ်ခဲ့တာကြောင့် သံသယဖြစ်လာလို့ သူအပ်ခဲ့တဲ့ ပါဆယ်ပို့ဝန်ဆောင်မှုကို စုံစမ်းစစ်ဆေးရာမှာ ဝန်ထမ်းတွေက နို့နှစ်ရောင်တီရှပ်နဲ့ မီးခိုးရောင်ဘောင်းဘီကို ဝတ်ဆင်ထားတဲ့ အသက် ၂၅ နှစ်ကနေ ၃၀ နှစ်ကြား ထိုင်းအမျိုးသားတစ်ဦးဟာ နာရီကို လာရောက်ထုတ်ယူသွားကြောင်း ပြောခဲ့တာပါ။ ဝန်ထမ်းတွေက ပတတ်ဖိလစ်နာရီလာထုတ်သူ အမျိုးသားဟာ ရောင်းသူရဲ့ အသေးစိတ်အချက်အလက်တွေကို မှန်ကန်စွာ ဖြေဆိုပေးနိုင်ခဲ့တာကြောင့် ထုတ်ယူမှု ပြီးမြောက်သွားခဲ့တယ်လို့လည်း အတည်ပြုခဲ့တာပါ။
Lat Phrao ရဲစခန်းက ရဲမှူးကြီး Thanaphan Phadungkan က နာရီနဲ့အတူ ထွက်ပြေးသွားတဲ့ သံသယရှိသူထိုင်းအမျိုးသားကို စုံစမ်းစစ်ဆေးရေးအဖွဲ့က လက်ရှိခြေရာခံနေကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူက ရောင်းသူတွေဟာ တစ်ကိုယ်ရည် မသိကျွမ်းတဲ့ ဒါမှမဟုတ် ငွေပေးချေမှု မပြီးသေးတဲ့ ဝယ်ယူသူတွေကို မယုံကြည်ဖို့၊ အထူးသဖြင့် တန်ဖိုးကြီးပစ္စည်းတွေ ပို့ဆောင်ရေးဝန်ဆောင်မှုတွေမှာ ထားခဲ့တဲ့အခါ သတိထားဖို့လည်း အကြံပြုခဲ့ပါတယ်။
ဒီဖြစ်ရပ်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာဖြစ်ပွားတဲ့ တစ်ခုတည်းသောဖြစ်ရပ်မဟုတ်ဘဲ Taling Chan နဲ့ Huai Khwang ရဲစခန်းတွေမှာလည်း အလားတူဖြစ်ရပ်တွေ သတင်းပို့တိုင်ကြားထားပါတယ်။ ဖြစ်စဥ်တွေမှာ လိမ်လည်သူတွေဟာ တန်ဖိုးကြီး ဇိမ်ခံနာရီ Luxury Watch တွေကို ဝယ်ယူဖို့ စိတ်ဝင်စားဟန်ဆောင်ပြီး ပိုင်ရှင်တွေကို ဒီပစ္စည်းကို ဒယ်လီပို့ဆောင်ရေးဝန်ဆောင်မှုများစွာမှာ ထားခဲ့ဖို့ ညွှန်ကြားပြီးနောက်မှာ အမျိုးမျိုးသော ပစ္စည်းလာထုတ်သူကယ်ရီယာတွေ အသုံးပြုလို့ ပြန်လည်ထုတ်ယူသွားကြတဲ့ ဖြစ်စဥ်တွေ ဖြစ်ပါတယ်။
Ref, The Thaiger
