၁၄.၇.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ထရမ့်ပ်က သူ့အနေနဲ့ ယူကရိန်းနိုင်ငံကို ပက်ထရီယော့ဒုံးခွင်းဒုံးစနစ်တွေ ပေးပို့မယ်လို့ ဇူလိုင်လ ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။ ထရမ့်ပ်က ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ငြိမ်းချမ်းရေးအတွက် ပြောနေပေမယ့် ညနေခင်းကျရင်တော့ ယူကရိန်းက အားလုံးလိုလိုကို ဗုံးကြဲနေတာမျိုးကိုတော့ ကာကွယ်ဖို့ ယူကရိန်းနိုင်ငံသားတွေမှာလည်း ပက်ထရီယော့ လေကြောင်းရန် ကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုလိမ့်မယ်လို့ဆိုခဲ့ပါတယ်။
ထရမ့်ပ်က ယူကရိန်းကို ပေးဖို့စီစဉ်ထားခဲ့တဲ့ ပက်ထရီယော့ ဒုံးပျံတချို့ကို မပေးခဲ့ပါဘူး။ ဒါပေမယ့် ဒီဒုံးပျံတွေအတွက် ကုန်ကျစရိတ်ကို ဥရောပသမဂ္ဂက အမေရိကန်ကို ထုတ်ပေးလိမ့်မယ်လို့ သူက ပြောခဲ့ပါတယ်။ ရုရှားသမ္မတ ပူတင်က ယူကရိန်းနဲ့ ရုရှားကြား အပစ်အခတ်ရပ်စဲရေးအတွက် ထရမ့်ပ်ရဲ့ ကြိုးစားမှုတွေကို တားဆီးမှုတွေလုပ်ခဲ့ပြီးနောက်မှာတော့ ထရမ့်ပ်က ပူတင်အပေါ် အကောင်းမမြင်ဖြစ်ခဲ့ရပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်စကီးကတော့ ရုရှားဘက်က ဒုံးကျည်တွေ၊ မောင်းသူမဲ့လေယာဉ်တွေနဲ့ နေ့စဉ်တိုက်ခိုက်နေမှုကို ကာကွယ်နိုင်ဖို့ လေကြောင်းတိုက်ခိုက်မှု ကာကွယ်ရေးစွမ်းရည်တွေ ပိုမိုထောက်ပံ့ပေးဖို့ တောင်းဆိုခဲ့တာပါ။ ထရမ့်ပ်က ဝါရှင်တန်မြို့ပြင်ရှိ Joint Base Andrews လေတပ်စခန်းမှာ သတင်းထောက်တွေကို ပြောခဲ့ရာမှာ “ကျွန်တော်တို့အနေနဲ့ ယူကရိန်းအနေနဲ့ အရေးတကြီးလိုအပ်နေတဲ့ ပက်ထရီယော့ ဒုံးပျံတွေကို ပို့ပေးမှာပါ။ ပူတင်အနေနဲ့ ငြိမ်းချမ်းရေးအတွက် ကောင်းကောင်းမွန်မွန်ပြောနေပေမယ့် ညနေကျရင်တော့ ယူကရိန်းကို ဗုံးကြဲနေပြီ။ ဒါကို ကျွန်တော်မကြိုက်ဘူး” လို့ ပြောဲခဲ့ပါတယ်။
ဒါ့ပြင် ထရမ့်ပ်က အခြေခံအနေနဲ့တော့ ခေတ်မီစစ်လက်နက်ပစ္စည်းကိရိယာ အမျိုးမျိုးကိုလည်း ကျွန်တော်တို့ ပေးပို့သွားမှာပါလို့လည်း ဆိုခဲ့ပါသေးတယ်။
ထရမ့်ပ်က ပေးပို့မယ့် ဒုံးပျံအရေအတွက်ကိုတော့ ထုတ်ဖော်မပြောခဲ့ပါဘူး။ ဒါပေမယ့် သူက ဥရောပသမဂ္ဂက ဒီဒုံးပျံတွေအတွက် တန်ဖိုးအပြည့်အဝကိုတော့ ပေးချေမှာလို့ဆိုပါတယ်။ ထရမ့်က “ဒါကျွန်တော်တို့ လိုချင်တဲ့နည်းလမ်းပါပဲ” လို့ ပြောခဲ့ပါတယ်။
သူက ဒီအပတ်ထဲမှာ နေတိုးအုပ်စု အတွင်းရေးမှူးချုပ် မာ့က်ရုတီနဲ့ တွေ့ဆုံပြီး ယူကရိန်းနဲ့ တခြားကိစ္စတွေကိုပါ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
Ref- Reuters
