၁၄. ၇. ၂၀၂၅
Written by Nyein Kyaw
ယခု ဇူလိုင်လအတွက် ရည်ညွှန်းဆန်ဈေးနှုန်းများ ထုတ်ပြန်ရာတွင် ပြည်ပတင်ပို့သည့် ဆန်အမျိုးအစားများ ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပြီး ပြည်တွင်းစားဆန်တချို့ ဆန်သစ်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဆန်ဈေးနှုန်းအရ သိရသည်။
ယခု ဇူလိုင်လအတွက် (၁၀၈) ပေါင်/ (၂၄)ပြည် ဆန်တစ်အိတ်ဈေးနှုန်း သတ်မှတ်ချက်အရ ပြည်ပတင်ပို့သည့် ဆန်ကြမ်းအုပ်စုများ (ဧည့်မထ/ ငစိန်) (ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန် ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-၁၁ ၊ စောရုပ်၊ ၇၄၇၊ သီးပု၊ ရွှေမန်း စသော ဧည့်မထ/ ငစိန် အုပ်စုဝင် ဆန်ကြမ်းများ)အတွက် ၂၅ မှတ်၊ ၁၅ မှတ်၊ ၁၀- ၅ မှတ် ၅၀ ကီလိုဂရမ် တစ်အိတ် ကျပ် ၅၉,၀၀၀ မှ ကျပ် ၇၁,၀၀၀ သတ်မှတ်ခဲ့သည်။ ၂၅ မှတ်ဆန်အမျိုးအစားမှလွဲ၍ ကျန်အမျိုးအစားများ ယခင်လထက် တစ်အိတ် ကျပ် ၁,၀၀၀ ကျပ်ကျဆင်းခဲ့သည်။
ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှုပါရှိသော အရည်သွေးအသင့်တင့်ရှိ ဆန်အမျိုးအစား ဆန်အဟောင်းတစ်အိတ်ကို ကျပ် ၇၈,၀၀၀ ၊ ဆန်အသစ်တစ်အိတ်ကို ကျပ် ၆၈,၀၀၀ နှင့် မြန်မာပြည်အောက်ပိုင်းမှ ထွက်ရှိသော စားသုံးမှုအရည်သွေးကောင်မွန်သည့် ပြည်တွင်းစားဆန်အမျိုးအစား ဆန်ဟောင်းတစ်အိတ် ကျပ် ၉၂,၀၀၀ နှင့် အသစ်တစ်အိတ် ကျပ် ၇၅,၀၀၀ ဖြင့် ယခင်လဈေးနှုန်းအတိုင်း သတ်မှတ်ခဲ့သည်။
မြန်မာပြည်အထက်ပိုင်းမှ ထွက်ရှိသော စားသုံးမှုအထူးကောင်းမွန်သည့် ဆန်အမျိုးအစားများကိုမူ တစ်အိတ် ကျပ် ၁၃၅,၀၀၀ နှင့် ဆန်အသစ်အတွက် တစ်အိတ် ကျပ် ၁၂၂,၀၀၀ သတ်မှတ်ခဲ့ပြီး ဆန်ဟောင်းနှင့် ဆန်သစ်နှစ်မျိုးလုံး တစ်အိတ် ကျပ် ၂,၀၀၀ မြင့်တက်ခဲ့သည်။
ပြည်တွင်း၌ စားသုံးမှုများသည့် ရွှေဘိုပေါ်ဆန်းဆန်အဟောင်းများကို တစ်အိတ် ကျပ် ၁၅၀,၀၀၀ မှ ကျပ် ၁၅၅,၀၀၀ နှင့် ရွှေပေါ်ဆန်းအသစ်များအတွက် တစ်အိတ် ကျပ် ၁၃၅,၀၀၀ မှ ကျပ် ၁၄၃,၀၀၀ သတ်မှတ်ခဲ့ပြီး ရွှေဘိုပေါ်ဆန်း ပထမတန်းစား ဆန်အသစ် ယခင်လထက် တစ်အိတ်ကို ကျပ် ၃,၀၀၀ မြင့်တက်ခဲ့သည်။
အခြားပေါ်ဆန်းဆန်အုပ်စုဝင် (ဧရာဝတီပေါ်ဆန်း၊ ပေါ်ကျွဲ) ဆန်ဟောင်းများကို တစ်အိတ် ကျပ် ၁၂၀,၀၀၀ မှ ၁၂၅,၀၀ အထိ သတ်မှတ်ခဲ့ပြီး ဆန်သစ်တစ်အိတ် ၁၀၉,၀၀၀ မှ ၁၁၃,၀၀၀ သတ်မှတ်ခဲ့၍ ဆန်သစ်တစ်အိတ် ကျပ် ၃,၀၀၀ ဝန်းကျင် မြင့်တက်ခဲ့သည်။ ပြည်တွင်းစားသုံးမှုများသည့် တောင်ပျံ/ဘေးကြားဆန်အဟောင်း တစ်အိတ် ကျပ် ၁၃၅,၀၀၀ နှင့် ဆန်သစ် တစ်အိတ် ကျပ် ၁၁၉,၀၀၀ မှ ၁၂၄,၀၀၀ ဖြင့် ဆန်သစ်တစ်အိတ် ကျပ် ၂,၀၀၀ မြင့်တက်ခဲ့သည်။
အလားတူ ဈေးအရောင်းစင်တာ (Super Market၊ Mini Market) များတွင် Consumer Packaging ဖြင့် ရောင်းချမှုအတွက် ဆန်ဈေးနှုန်းအားလုံးကိုလည်း နိုဝင်ဘာလအတိုင်း သတ်မှတ်ပေးထားသည်။ ထို့ကြောင့် ဈေးကွက်အတွင်းရောင်းချရာတွင် အထက်ဖော်ပြပါ သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများအပေါ် ၈ ရာခိုင်နှုန်းထက်မပိုသော၊ ဝန်ဆောင်စရိတ် ၃ ရာခိုင်နှုန်းထက်မပိုသော၊ သယ်ယူသိုလှောင်စရိတ် ၄ ရာခိုင်နှုန်းထက်မပိုသော ထုတ်လုပ်သူအကျိုးအမြတ်တို့ဖြင့် တွက်ချက်ရောင်းချရန် သတိပေးထားသည်။



