၁၀. ၇. ၂၀၂၅
Written by Nyein Kyaw
စံချိန်မမီဟောင်ကောင်ရွှေများကို ပြည်တွင်းရွှေဈေးကွက်အတွင်းသို့ တရားမဝင် တင်သွင်းရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဇူလိုင် ၁၀ ရက် (ယနေ့) တွင် ပြုလုပ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းတွင် ပြောကြားခဲ့သည်။
“ဟောင်ကောင်က ပစ္စည်းတွေ ၂၄ ကာရက်တွေကို သွင်းလာပြီးတော့၊ စံချိန်မမီတဲ့ရွှေတွေကို သွင်းလာပြီးတော့ ရောင်းဝယ်တာဖြစ်တဲ့အတွက် လူကြီးတွေစစ်ဆေးတဲ့အခါမှာ ကျွန်တော်တို့ တွေ့ရှိရတဲ့အနေအထားမှာရှိပါတယ်” ဟု ဦးမျိုးမြင့်က ပြောသည်။
ထို့ပြင် အွန်လိုင်းမှ ရွှေရောင်းဝယ်သူများသည် ဗိုလ်ချုပ်ဈေးရှိ ဆိုင်လိပ်စာကို ဖော်ပြရောင်းချနေသော်လည်း အမှန်တကယ် သွားရောက်စစ်ဆေးရာတွင် ရွှေဆိုင်မရှိသည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့နေအိမ်များမှပင် ကြော်ငြာတင်ကာ အရောင်းအဝယ်ပြုလုပ်နေသည်ကို စိစစ်တွေ့ရှိရကြောင်း သိရသည်။
“အွန်လိုင်းတွေက ကျွန်တော်တို့ရွှေဈေးကို မ, ပြီးတော့ ကစားတဲ့အပိုင်းတွေရှိပါတယ်။ ဒါကြောင့် အွန်လိုင်းတွေကို အဓိကထားပြီး ဆောင်ရွက်တာ။ နိုင်ငံတော်အနေနဲ့ အဓိကထားပြီးတော့ ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ဦမျိုးမြင့်က ပြောသည်။
ထို့ကြောင့် အွန်လိုင်းမှ ရွှေရောင်းဝယ်သူများ အွန်လိုင်းရောင်းဝယ်ခွင့်လိုင်စစ် လျှောက်ထားပြီးမှသာ အရောင်းအဝယ်ပြုလုပ်ရန်နှင့် လိုင်စင်မလျှောက်ဘဲ လုပ်ကိုင်ဆောင်ရွက်သူများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
YGEA မှ ထုတ်ပြန်ထားသည့် သတ်မှတ်ရည်ညွှန်း ရွှေဈေးနှုန်းမှာ အခေါက် ၁၆ ပဲရည် ရွှေတစ်ကျပ်သား ကျပ် ၅,၈၉၀,၀၀၀ ဖြစ်သည်။ သို့သော် ပြင်ပရွှေဈေးကွက်၌ အခေါက် ၁၆ ပဲရည် ရွှေတစ်ကျပ်သား ကျပ် ၇,၈၄၀,၀၀၀ နှင့် ၁၅ ပဲရည် ရွှေတစ်ကျပ်သား ကျပ် ၇,၃၈၀,၀၀၀ အထိ ဖြစ်ပေါ်နေသည်။

