၁၀.၇.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်၊ ဗင်ဒိုဒါရာခရိုင်အတွင်းမှာ မာဟီဆာဂါမြစ်ကို ဖြတ်ကျော်တည်ဆောက်ထားတဲ့ သက်တမ်း ၄၃ နှစ်ရှိတံတားတစ်စင်း ဇူလိုင်လ ၉ ရက်၊ နံနက် ၇ နာရီခွဲက ပြိုကျခဲ့တာမှာ ဇူလိုင်လ ၉ ရက် ညပိုင်းအထိ သေဆုံးသူအနည်းဆုံး ၁၂ ဦးရှိခဲ့ပြီး ကိုးဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
တံတားပြိုကျမှုမှာ ကားအများအပြားလည်း မြစ်ထဲကို ထိုးကျခဲ့ကြပြီး လောင်စာဆီသယ်ယာဉ်တစ်စီးမှာ တံတားရဲ့အစွန်းတစ်ဖက်ဆီ ပြုတ်ကျလုဆဲဆဲချိတ်မိနေတာကို တွေ့ကြရပါတယ်။
ည ၈ နာရီခန့်အထိ သေဆုံးသူ ၁၁ ဦးကိုတွေ့ရှိခဲ့ကြပြီးတဲ့နောက် တစ်နာရီလောက်အကြာမှာ ကယ်ဆယ်ရေးအဖွဲ့ တွေက နောက်ထပ်သေဆုံးသူတစ်ဦးကို ထပ်မံတွေ့ရှိခဲ့ကြပါတယ်။
တံတားကျိုးကျချိန်မှာ တံတားပေါ်မှာ မော်တော်ယာဉ်အများအပြားလည်း သွားလာနေကြတာဖြစ်လို့ ကားအတော်များများ မာဟီဆာဂါ မြစ်ထဲကို ထိုးကျခဲ့ကြပါတယ်။ မြစ်ထဲကျသူတွေထဲက အနည်းဆုံး ငါးဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဂူဂျာရတ်ပြည်နယ် ကျန်းမာရေးဝန်ကြီးက ပြောခဲ့ပါတယ်။
တံတားကျိုးကျမှုဖြစ်ပွားတဲ့ ဗင်ဒိုဒါရာခရိုင်မှာ ပြီးခဲ့တဲ့ရက်တွေအတွင်း မိုးသည်းထန်စွာရွာသွန်းနေခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ တံတားကလည်း ၁၉၈၅ ခုနှစ်က တည်ဆောက်ခဲ့တာဆိုတော့ သက်တမ်းအားဖြင့် နှစ် ၄၀ ရှိခဲ့ပါပြီ။
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်မိုဒီက သေဆုံးသူတွေရဲ့မိသားစုတွေဆီကို စာနာထောက်ထားဝမ်းနည်းရပါတယ်လို့ အကြောင်းကြားစာတွေ ပေးပို့ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အဝေးပြေးလမ်းတွေနဲ့ တံတားတွေအပေါ်မှာ အခုလိုဘေးအန္တရာယ်ဖြစ်မှုတွေ ဖြစ်တတ်တာကြောင့် နိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံမှာလည်း လုံခြုံစိတ်ချရမှုဆိုင်ရာ ကိစ္စရပ်တွေ အားနည်းတယ်လို့ အမည်ပျက်ရလေ့ရှိပါတယ်။
၂၀၂၂ ခုနှစ်ကလည်း ရာစုနှစ်နဲ့ချီတဲ့ကြိုးတံတားတစ်ခုဟာ မြစ်တစ်ခုအတွင်းပြိုကျခဲ့တာကြောင့် မြစ်ထဲကို လူရာနဲ့ ချီလို့ပြုတ်ကျခဲ့ကြပြီး သေဆုံးသူ အနည်းဆုံး ၁၃၂ ဦးရှိခဲ့ပါသေးတယ်။
Ref -Indian Express



