
၃. ၇. ၂၀၂၅
Translated by Thettant
အသက် ၂၈ နှစ်အရွယ် လီဗာပူးလ်အသင်းမှ ပေါ်တူဂီတိုက်စစ်မှူး ဒီယိုဂို ဂျိုတာနှင့် ၎င်း၏ ညီဖြစ်သူ အန်ဒရေ ဆေးဗားလ်တို့သည် ကြာသပတေးနေ့အစောပိုင်းတွင် စပိန်နိုင်ငံအနောက်မြောက်ပိုင်း ဇာမိုရာအနီး၌ ကားတိုက်မှုဖြင့် သေဆုံးခဲ့ကြောင်း ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့သည်။
စပိန်အာဏာပိုင်များ၏ ပြောကြားချက်အရ ကြာသပတေးသို့ကူးစ ည သန်းခေါင်ကျော်အချိန်တွင် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဂျိုတာ၏ လမ်ဘော်ဂီနီကားသည် ဇာမိုရာအနီးတွင် မီးလောင်ကျွမ်းခဲ့သည်။
Castile and León ဒေသဆိုင်ရာ မီးသတ်ဌာနက ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်မှာ ကားသည် လမ်းချော်ထွက်ကာ မီးလောင်ကျွမ်းခဲ့ပြီး အသက် ၂၈ နှစ်နှင့် ၂၆ နှစ်အရွယ် အမျိုးသားနှစ်ဦးလုံး သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထို့အတူ Spanish Civil Guard ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AP သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည်မှာ ဂျိုတာနှင့် ၎င်း၏ညီဖြစ်သူတို့ကို ဇာမိုရာမြို့အနောက်ဘက်အနီးရှိ ယာဉ်အတွင်း၌ သေဆုံးလျက် တွေ့ရှိရကြောင်း ပြောခဲ့သည်။

“ယာဉ်ကျော်တက်နေစဉ် တာယာပေါက်သွားခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အချက်အလက်အားလုံးက ဖော်ပြနေပါတယ်” ဟု Spanish Civil Guard ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “တခြားယာဉ်တွေ ပါဝင်ပတ်သက်ခြင်း မရှိပါဘူး” ဟု ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့ပြီး မတော်တဆမှုဖြစ်ရခြင်းအကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ချက်တစ်စောင်တွင် “ကျွန်ုပ်တို့ ချန်ပီယံနှစ်ဦးကို ဆုံးရှုံးခဲ့ရပါပြီ။ ၎င်းတို့၏ သေဆုံးမှုများသည် ပေါ်တူဂီဘောလုံးလောကအတွက် ပြန်လည်မဖြည့်ဆည်းနိုင်သော ဆုံးရှုံးမှုများဖြစ်ပြီး၊ ၎င်းတို့၏ အမွေအနှစ်ကို နေ့စဉ် ဂုဏ်ပြုရန် ကျွန်ုပ်တို့ တတ်နိုင်သမျှ လုပ်ဆောင်သွားပါမည်” ဟု ဖော်ပြထားသည်။
အဖွဲ့ချုပ်ဥက္ကဋ္ဌ Pedro Proença က “လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၅၀ နီးပါး ပါဝင်ကစားပေးခဲ့တဲ့ ထူးချွန်တဲ့ ကစားသမားတစ်ဦးထက် ပိုပါတယ်။ ဂျိုတာဟာ အလွန်ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ပြိုင်ဘက်တွေအားလုံးက လေးစားခဲ့ကြပါတယ်။ သူ့မှာ ကူးစက်တတ်တဲ့ ပျော်ရွှင်မှုရှိပြီး သူ့ရဲ့ အသိုင်းအဝိုင်းမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

အဖွဲ့ချုပ်က ကြာသပတေးနေ့တွင် ပေါ်တူဂီနှင့် စပိန်တို့ ယှဉ်ပြိုင်ကစားမည့် အမျိုးသမီး ဥရောပချန်ပီယံရှစ်ပွဲစဉ်မတိုင်မီ တစ်မိနစ်ငြိမ်သက်ခြင်း ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
ဒီယိုဂို ဂျိုတာသည် ၂၀၂၀ ပြည့်နှစ်တွင် ၀ူဗာဟမ်တန် မှ လီဗာပူးသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုအချိန်မှစ၍ သူသည် မာဆေးဆိုဒ်ကလပ်အတွက် ၁၈၂ ပွဲ ကစားခဲ့ပြီး ၆၅ ဂိုး သွင်းယူပေးခဲ့သည်။ သူသည် လွန်ခဲ့သောရာသီက လီဗာပူးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိအောင် ကူညီပေးခဲ့ပြီး အသင်းနှင့်အတူ FA ဖလားနှင့် လိဂ်ဖလားများကိုလည်း ရယူခဲ့သည်။
လက်ရွေးစင်အသင်းအတွက်လည်း ဂျိုတာသည် ၄၉ ပွဲ ကစားခဲ့ပြီး UEFA Nations League ကို နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့သည့် ပေါ်တူဂီအသင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ ဂျိုတာနှင့် လိုက်ပါ သေဆုံးသည့် ညီဖြစ်သူ အန်ဒရေ ဆေးဗားလ်မှာမူ ပေါ်တူဂီဘောလုံးအောက်တန်းအဆင့်တွင် Penafiel ကလပ်နှင့်အတူ ကစားခဲ့သူဖြစ်သည်။

ဂျိုတာသည် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းမှ သူ၏ ရေရှည်လက်တွဲဖော် Rute Cardoso နှင့် လက်ထပ်ခဲ့ခြင်းဖြစ်ပြီး လက်ထက်ပြီးသည်မှာ ဆယ်ရက်တာရှိသေးသလို လူမှုမီဒီယာတွင် “ထာဝရအတွက် Yes” ဟု ရေးသားခဲ့ကာ ၎င်းတို့စုံတွဲတွင် ရင်သွေးသုံးဦး မွေးဖွားခဲ့သည်။
ဇာမိုရာရှိ မှုခင်းဆေးဘက်ဆိုင်ရာဌာနတွင် ရုပ်အလောင်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ အာဏာပိုင်များက တရားဝင် အတည်ပြုချက် မထုတ်ပြန်သေးသော်လည်း ရဲတပ်ဖွဲ့က ဂျိုတာနှင့် ၎င်း၏ညီဖြစ်သူတို့ဖြစ်ကြောင်း အချက်အလက်အားလုံးက ဖော်ပြနေသည်ဟု ပြောကြားခဲ့သည်။ ထိုအတူ လီဗာပူးအသင်းကလည်း ဂျိုတာ၏ ကွယ်လွန်မှုကို အတည်ပြုခဲ့သလို မန်ချက်စတာယူနိုက်တတ်အပါအဝင် ပရီးမီးယားလိဂ် ဘောလုံးအသင်းများက ဂျိုတာသေဆုံးရမှုအပေါ် ဝမ်းနည်းကြောင်း ဖော်ပြပေးပို့ခဲ့သည်။
Ref ,The Economic Times
