၃.၇.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ်ရာထူးက ဖြုတ်ချခံရပြီး ပြည်ပကိုထွက်ပြေးနေရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို နိုင်ငံရဲ့ နိုင်ငံတကာရာဇဝတ်မှုခုံရုံးက တရားရုံးအမှုကို မထီလေးစားပြုမှုနဲ့ ဇူလိုင်လ ၂ ရက်မှာ ထောင်ဒဏ်ခြောက်လပြစ်ဒဏ်ကို မျက်ကွယ်မှာချခဲ့တယ်လို့ အထက်တန်းတရားလိုရှေ့နေတစ်ဦးက ပြောခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာအနေနဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာ ကျောင်းသားတွေခေါင်းဆောင်တဲ့ ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ရပြီးနောက် အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ရတဲ့အချိန်ကစလို့ အမှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါပေမယ့် သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေအနက် အခုပြစ်မှုကတော့ ပထမဆုံး ပြစ်ဒဏ်ချမှတ်တာလည်းဖြစ်ပါတယ်။
အဝါမီလိဂ်ပါတီက ပိတ်ပင်ခြင်းခံထားရတဲ့ကျောင်းသားဂိုဏ်းဖြစ်တဲ့ ချာထရာလိဂ်ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရှာကီလ် အကန် ဘူလ်ဘူလ်ကိုလည်း ဒီစွဲချက်နဲ့ပဲ ထောင်ဒဏ်နှစ်လ ချမှတ်လိုက်တယ်လို့ သိရပါတယ်။ အဝါမီလိဂ်ပါတီကို ဟာစီနာက နှစ်ပေါင်းများစွာခေါင်းဆောင်ခဲ့တာပါ။
ပြည်ပမှာရောက်နေတဲ့ ဝန်ကြီးချုပ်ဟောင်း ဟာစီနာက သူ့ကို နိုင်ငံတကာရာဇဝတ်မှုခုံရုံးက အမှု ၂၂၇ မှု နဲ့ စွဲချက်တင်ထားတာကိုကြားရတော့ “ကျွန်မကိုအမှု ၂၂၇ မှုနဲ့ စွဲချက်တင်ထားတယ်။ ဒီတော့ ကျွန်မက အခုဆို လူ ၂၂၇ ယောက်သတ်ဖို့ လိုင်စင်ရခဲ့တာလား” လို့ ပြောခဲ့ပါသေးတယ်။
နိုင်ငံတကာရာဇဝတ်မှုခုံရုံးကို မူလက ၂၀၁၀ ပြည့်နှစ်မှာ ဟာစီနာအစိုးရလက်ထက်က ၁၉၇၁ ခုနှစ်က စစ်ရာဇဝတ်မှုတွေကို စစ်ဆေးဖို့ တည်ထောင်ခဲ့တာပါ။ အခု အတိုင်ပင်ခံယူနွတ်စ်ခေါင်းဆောင်တဲ့ ကြားဖြတ်အစိုးရကတော့ လူ့အခွင့်အရေးအလွဲသုံးစားမှုနဲ့ အဂတိလိုက်စားမှုတွေမှာတာဝန်ရှိသူ ဟာစီနာ အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ဆောင်ရွက်ခဲ့တာပါ။
နိုင်ငံတကာရာဇဝတ်မှုခုံရုံးက ဟာစီနာအပေါ် ဖမ်းဝရမ်းသုံးခုထုတ်ထားတာပါ။ ဒီမှာ မနှစ်က ဇူလိုင်လမှာ ဆန္ဒပြမှုကို အကြမ်းဖက်နှိမ်နင်းတယ်လို့ လူ့အခွင့်အရေးရာဇဝတ်မှုစွဲချက်တွေ ပါပါတယ်။ အဝါမီလိဂ်ပါတီကိုလည်း ပိတ်ပင်ထားပြီး ပါတီနဲ့ ပါတီရဲ့ခေါင်းဆောင်ဟောင်းတွေကိုလည်း ရုံးတင်တရားစွဲမှုတွေ ပြုနေပါတယ်။
ဟာစီနာကို ထောက်ခံသူတွေကတော့ သူ့အပေါ်တရားစွဲဆိုမှုတွေကို ပယ်ဖျက်ပေးဖို့ နိုင်ငံရေးအရလှုံ့ဆော်မှုတွေလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ယူနွတ် အစိုးရကတော့ ခုလိုတရားစွဲဆိုမှုတွေက တာဝန်ယူမှုကို ပြန်လည်ထိန်းသိမ်းတာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒီမိုကရေစီအဖွဲ့အစည်းတွေအတွင်း ယုံကြည်အားထားမှု ပြန်လည်တည်ဆောက်ဖို့အတွက် အဓိကကျတယ်လို့ ပြောခဲ့ကြပါတယ်။
Ref- CNN

