၃.၇.၂၀၂၅
Written By Zun
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၆၆ ဦးကို ဇူလိုင်လ ၁ ရက်က တရုတ်နိုင်ငံထံ လွှဲပြောင်းခဲ့ကြောင်း ‘ဝ’ လက်နက်ကိုင် UWSA က ထုတ်ပြန်ထားသည်။
အဆိုပါ ကျားဖြန့်လုပ်ကိုင်သူ ၆၆ ဦးနှင့်အတူ လုပ်ငန်းသုံးပစ္စည်းများဖြစ်သော ဖုန်း၊ ကွန်ပျူတာ၊ အခြား စပ်ဆက်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါထုတ်ပြန်ချက်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တရုတ်နိုင်ငံနှင့် ပူးပေါင်းပြီး ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ကြောင်း UWSA က ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇွန်လ ၈ ရက်ကလည်း တရုတ်နိုင်ငံသို့ မှောင်ခိုတင်သွင်းမည့် စိတ်ကြွဆေးအများအပြားကို UWSA က ဖမ်းဆီး၍ တရုတ်ထံ လွှဲပြောင်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သေးသည်။ ၎င်းမူးယစ်ဆေးများမှာ တရုတ်နိုင်ငံသို့ ခိုးသွင်းရန် လုပ်ဆောင်နေကြောင်း သတင်းအရ တရုတ်အစိုးရ၏ သက်ဆိုင်ရာထောက်လှမ်းရေးအဖွဲ့များ၏ အကူအညီဖြင့် ဖမ်းဆီး ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဝ” ပြည်နယ်အနေဖြင့် မူးယစ်ဆေးဝါး မှုခင်းများ၏ အဓိကနေရာမဟုတ်ကြောင်း၊ နယ်စပ်ထိန်းချုပ်ရေး၊ မူးယစ်ဆေးဝါးမှုခင်းမျိုးစုံကို နှိမ်နင်းနိုင်ရေးနှင့် ဒေသတွင်းလုံခြုံတည်ငြိမ်ရေးကို ပြတ်ပြတ်သားသား ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။



