၃.၇.၂၀၂၅
Written by Hey Mar
ပဲခူးမြို့ ရပ်ကွက်တချို့အတွင်း ပဲခူးမြစ်ရေ ဝင်ရောက်နေပြီး ရေကြီးမှုဖြစ်စဉ် ဖြစ်ပွားလျက်ရှိရာ နေအိမ်ခြံဝင်းထဲ ရေဝင်မှုဖြစ်ပေါ်နေစဉ် တစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး ရေတိမ်မှာ ရေနစ်သေဆုံးမှု ဒီနေ့ ဇူလိုင်လ ၃ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ သိရပါတယ်။
ဖြစ်စဉ်က ပဲခူးမြို့၊ ဇိုင်းတောင်ရပ်ကွက်၊ မင်္ဂလာလမ်း၊ သာမဏေကျော်ဘုန်းကြီးကျောင်းအနီးရှိ ရေဝင်နေတဲ့ နေအိမ်တစ်အိမ်မှာ မိဘတွေ ကုန်စိမ်းရောင်းချဖို့ ဈေးကို ထွက်သွားချိန် နေအိမ်လှေကားတံခါးကို ပြန်ပိတ်ဖို့ သတိမေ့ခဲ့ရာက သူတို့ရဲ့ အသက် တစ်နှစ် ခြောက်လအရွယ် သားငယ်မှာ နေအိမ်လှေကားခြေရင်း ရေအနက် တစ်ပေခွဲခန့်မှာ မှောက်လျက် သေဆုံးခဲ့တာလို့ သိရပါတယ်။
အဆိုပါ ရေနစ်သေဆုံးတဲ့ဖြစ်စဉ်ကို ရပ်ကွက်ရာအိမ်မှူးက သက်ဆိုင်ရာကို အကြောင်းကြားလာတဲ့အတွက် အခင်းဖြစ်ရပ်ဆီ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မောင်လျမ်းထက်ပိုင် (၁)နှစ် ခွဲခန့်၊ (မွေးဖွားရက် ၃၁.၁၂.၂၀၂၃)၊ (ဘ)ဦးဟိန်းထွဋ်ဝင်းဖြစ်ပြီး အလောင်းကို နေအိမ်အပေါ်ထပ်သို့ ရွှေ့ပြောင်းထား ရှိပြီးဖြစ်ကာ သေဆုံးသူမှာ အပေါ်ပိုင်းတွင် ရှပ်အင်္ကျီ အဖြူ/ပြာအစင်းကြား လက်ရှည် ဝတ်ဆင်ထားပြီး၊ အောက်ပိုင်းမှာ ကာတွန်းဘောင်းဘီအရှည်ကို ဝတ်ဆင်ထားလျက်တွေ့ရှိရသလို ခြေလက်များပဲကြီးရေခွံတွန့်ကာ နှုတ်ခမ်းပြာလျက် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိ သေဆုံးနေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
မောင်လျမ်းထက်ပိုင်သေဆုံးတာနဲ့ ပတ်သက်လို့ ဖခင်ဖြစ်သူ ဦးဟိန်းထွဋ်ဝင်းကို သက်ဆိုင်ရာက မေးမြန်းရာ မနက်အစောပိုင်း ၄ နာရီ အချိန် ဇနီးဖြစ်သူ မသီသီဦးနဲ့ အတူ တာပေါ်ဈေးဆီ ကုန်စိမ်းရောင်းဖို့ သွားရောက်စဉ် သေဆုံးသူ ကလေးငယ်နဲ့ အတူ ကျန်ကလေး(၂) ယောက်က ခြေတံရှည်နေအိမ်အပေါ် ထပ်မှာ အိပ်လျက်ကျန်ရစ်ခဲ့ကြောင်း၊ နေအိမ်အပေါ်ထပ်မှ အောက်ထပ်ဆီ ဆင်းတဲ့ လှေကားတံခါးကို မပိတ်ခဲ့ရကြောင်း၊ မနက် ၆ နာရီအချိန်မှာ ဖခင်ဖြစ်သူ ဦးဟိန်းထွဋ်ဝင်းမှ ကလေးတွေကိုကျောင်းပို့ဖို့ နေအိမ်ဆီ ပြန်လာတဲ့အခါ ရေဝင်နေတဲ့ နေအိမ်အောက်ထပ် လှေကားခြေရင်း အနီး ရေအနက်(၁)ပေခွဲခန့်မှာ မောင်လျမ်းထက်ပိုင်ကို မှောက်လျက်အနေအထားနဲ့ ရေနစ်သေဆုံးနေတာကို တွေ့ရကြောင်း ပြောပြသိရှိခဲ့ရတယ်လို့ သိရပါတယ်။
သေဆုံးသူ မောင်လျမ်းထက်ပိုင်ရဲ့ ရုပ်အလောင်းကို မှုခင်းဆေးစာနဲ့ ပဲခူးပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့ပြီး ဆေးရုံက PR-2 ဖြင့် လက်ခံစစ်ဆေးလျက်ရှိကာ ပဲခူး အမှတ်(၂) နယ်မြေ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၇/၂၀၂၅)အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

