၃.၇.၂၀၂၅
Written by Hey Mar
ဒီဇယ်အပြည့်တင်လာတဲ့ ဆီဘောက်ဆာယာဉ် ရှေ့ဘီးပေါက်ရာက တစ်ဖက်ယာဉ်ကြောက တွဲကားနဲ့ တိုက်မိတိမ်းမှောက်မှု ဇူလိုင်လ ၂ ရက်နေ့ ည ၇ နာရီကျော် အချိန်က ရန်ကုန်-မော်လမြိုင်သွား ကားလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ မိုးကောင်းလူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က မိုးကောင်းကျေးရွာအုပ်စု၊ ကရင်လေးဆိပ်ကျေးရွာ၊ ရွှေမိုးစက်သုံးဆီအရောင်းဆိုင်ကုန်းဆင်းက ရန်ကုန်-မော်လမြိုင်သွားကားလမ်းမပေါ်မှာ ဖြစ်ပွားခဲ့ပြီး ယာဉ်မတော်တဆမှုကြောင့် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။
မိုးကောင်း(RESCUE)လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူက “ကျွန်တော်ရောက်သွားတော့ ကားထဲညပ်နေသူတွေကို ခက်ခက်ခဲခဲ ဆွဲထုတ်ပေးရပေမယ့် ပြင်းထန်ဒဏ်ရာရသူ မရှိပါဘူး။ အမျိုးသားတစ်ဦးတော့ ခြေထောက်ကျိုးပေမယ့် ကျန်တာတွေက သာမာန်လောက် ဒဏ်ရာပါပဲ။ ထိတဲ့ အမျိုးသမီး အမျိုးသား လေးဦးစလုံး ဆီဘောက်ဆာပေါ်ကပဲ” လို့ MT News ကို ပြောပါတယ်။
ထိခိုက်ဒဏ်ရာရလူနာတို့အားဉဆေးဝါးကုသမှုခံယူနိုင်စေဖို့ သိမ်ဆိပ်ဆေးရုံဆီ ကူညီပို့ဆောင်ပေးခဲ့ကြပြီး အဲဒီကနေတစ်ဆင့် ခြေထောက်ကျိုးတဲ့ဒဏ်ရာရရှိသူအမျိုးသားကိုသထုံပြည်သူ့ဆေးရုံကြီးဆီ ထပ်မံကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

