
၃. ၇. ၂၀၂၅
Translated by Thettant
ယနေ့ ဇူလိုင် ၃ ရက် ကြာသပတေးနေ့ နံနက်အစောပိုင်းတွင် ခွန်ခဲန်ပြည်နယ်၊ ချွမ်ဖဲခရိုင်ရှိ ဟိုတယ်တစ်ခု၌ မြွေဟောက်နှင့် ကစားနေသည့် ဗီဒီယိုရိုက်ကူးပြီးနောက် မြွေကိုက်ခံရကာ ချင်းရိုင်ပြည်နယ်မှ အသက် ၂၈ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်။
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ခွန်ခဲန်ပြည်နယ်၊ ချွမ်ဖဲရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များထံသို့ ဗုဒ္ဓဟူးနေ့ ညသန်းခေါင်ကျော်အချိန်တွင် ချွမ်ဖဲမြို့နယ်ရှိ မြေညီထပ်ဟိုတယ်အခန်းတစ်ခုရှိ ကုတင်ပေါ်တွင် သေဆုံးနေသည့် စူပရာချယာ ဆန်ရတ်ချာ (၂၈ နှစ်) ၏ ရုပ်အလောင်းကို သွားရောက် စစ်ဆေးခဲ့သည်။

ချင်းရိုင်ပြည်နယ်၊ ပအို ဒွန်ချိုင် တိုက်နယ်၊ ကျေးရွာ (၁၆) တွင် နေထိုင်သည့် သေဆုံးသူကို တီရှပ်၊ ဂျင်းဘောင်းဘီနှင့် အားကစားဖိနပ်များ ဝတ်ဆင်ထားသည်ကို တွေ့ရှိခဲ့သည်။ စုံစမ်းစစ်ဆေးသူများသည် ၎င်း၏ ညာဘက်လက်မောင်းအပေါ်ပိုင်းတွင် အဆိပ်ပြင်းသောမြွေကိုက်ရာများနှင့် ဆင်တူသည့် ကိုက်ရာများကို တွေ့ရှိခဲ့သည်။
အခန်းထဲတွင် ရုန်းကန်လှုပ်ရှားမှု လက္ခဏာများ မတွေ့ရဘဲ တံခါးကို အတွင်းမှ ပိတ်ထားပြီး မီးများလည်း ဖွင့်ထားဆဲဖြစ်သည်။ အဝင်ပေါက်အနီးတွင် ရဲတပ်ဖွဲ့က မြွေဟောက်တစ်ကောင်ပါသည့် အဖြူရောင်အဝတ်အိတ်ကို ချည်နှောင်လျက် တွေ့ရှိခဲ့သည်။

ချွမ်ဖဲရဲစခန်းမှူး၊ ရဲမှူးကြီး ရက်ချတ် ရွှမ်းခရိုအဲန်က သေဆုံးသူ၏ မိုဘိုင်းလ်ဖုန်းတွင် တွေ့ရှိရသည့် ဗီဒီယိုဖိုင်များတွင် ၎င်းသည် မြွေဟောက်ကို အနီးကပ် ကိုင်တွယ်ကစားနေသည်ကို ပြသနေကြောင်း ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးသူများက စူပရာချယာသည် မြွေကို ကိုင်ဆောင်ထားစဉ် မြွေကိုက်ခံရ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်ထားသည်။
ချွမ်ဖဲဆေးရုံမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများက သေဆုံးရခြင်းအကြောင်းရင်းကို အတည်ပြုရန် ကနဦး ရင်ခွဲစစ်ဆေးမှု ပြုလုပ်ခဲ့သည်။
သေဆုံးသူ၏ ပျက်စီးနေသော မိုဘိုင်းလ်ဖုန်းထဲမှ ဗီဒီယိုတစ်ခုတွင် အသက် ၂၈ နှစ်အရွယ် ယင်းအမျိုးသားသည် မြွေဟောက်တစ်ကောင်ကို အနီးကပ် ကိုင်တွယ်ကစားနေသည်ကိုလည်း တွေ့ရှိ ထားသည်။
