၂.၇.၂၀၂၅
Written By Hey Mar
အက်ဆစ်နဲ့ အပက်ခံရလို့ သေဆုံးခဲ့တဲ့ ပဲခူးတိုင်း တောင်ငူမြို့က အမျိုးသမီးတစ်ဦးရဲ့ အမှုဖြစ်စဉ်ကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ တောင်ငူခရိုင်တရားရုံးက အပြီးသတ်စီရင်ချက်ချမှတ်ခဲ့ကာ ကျုူးလွန်သူတရားခံ အမျိုးသားကို မသေမချင်းကြိုးကွင်းစွပ်သတ်စေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဆိုပါအမှုမှာ အက်စစ်နဲ့ အပက်ခံရသူမှာ ဒေါ်အေးမြစန္ဒာမြင့်ဆိုသူဖြစ်ပြီး ပက်သူမှာ အောင်ဆွေလတ် (ခ) အီစာဆိုသူဖြစ်ကြောင်း၊ အဆိုပါ အောင်ဆွေလတ် (ခ) အီစာမှာ ဒေါ်အေးမြစန္ဒာမြင့်ရဲ့ အမအရင်းတော်စပ်သူနဲ့ ပေါင်းသင်းနေထိုင်သူဖြစ်ပြီး ဒေါ်အေးမြစန္ဒာမြင့်က အောင်ဆွေလတ် (ခ) အီစာကို ဘာသာခြားဖြစ်တာကြောင့် သဘောမကျဘဲ ပြောဆိုခဲ့တာတွေလည်းရှိကြောင်း စတဲ့ အကြောင်းအရာတွေကြောင့် အောင်ဆွေလတ် (ခ) အီစာက ဒေါ်အေးမြစန္ဒာမြင့်ကို အငြိုးထားနေခဲ့ကာ အက်ဆစ်နဲ့ ပက်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။
ဖြစ်စဉ်က အောက်တိုဘာ ၂၂ ရက်နေ့ ညနေ ခြောက်နာရီအချိန်ခန့်မှာ ဒေါ်အေးမြစန္ဒာမြင့်နဲ့ ခင်ပွန်းဖြစ်သူတို့က သူတို့ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်ဆီ နေအိမ်ကနေထွက်လာခဲ့ပြီး ခင်ပွန်းက ဆိုင်မှာနေခဲ့ကာ ဒေါ်အေးမြစန္ဒာမြင့်က ပိုက်ဆံသိမ်းဖို့အတွက် (၁၉)ရပ်ကွက် ညောင်ပင်ဈေးကို ဆက်လက်သွားရောက်ခဲ့ကြောင်း၊ ည ၇ နာရီအချိန်ခန့်မှာ ခင်ပွန်းက ဇနီးဖြစ်သူ ဒေါ်အေးမြစန္ဒာမြင့်ဆီ တယ်လီဖုန်းဆက်သွယ်ရာ ဇနီးအသံမဟုတ်ဘဲ တခြားအမျိုးသမီးတစ်ဦးက ဒေါ်အေးမြစန္ဒာမြင့် အက်ဆစ်နဲ့ အပက်ခံရလို့ တောင်ငူဆေးရုံကြီးဆီ ရောက်ရှိနေကြောင်း ဖုန်းဖြေကြားခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် တောင်ငူဆေးရုံကြီးဆီ လိုက်သွားခဲ့ရာ ဒေါ်အေးမြစန္ဒာမြင့်ကို ပြင်ပလူနာဌာနမှာ မျက်နှာ၊ လက်မောင်း(၂)ဖက်၊ ရင်ဘတ်နဲ့ ဝမ်းဗိုက် အရေပြားတွေ လောင်ကျွမ်းဒဏ်ရာတွေနဲ့ တွေ့ရှိရပြီး မျက်လုံး(၂)ဖက်မှာလည်း ကောင်းစွာမမြင်ရကြောင်းတွေ့ရှိခဲ့ရတဲ့အတွက် ဇနီးဖြစ်သူ ဒေါ်အေးမြစန္ဒာမြင့်ကို ဒဏ်ရာများရရှိအောင် အက်ဆစ်ဖြင့်ပက်သူအား စုံစမ်းဖော်ထုတ်ရေးယူပေးပါရန် တောင်ငူမြို့ရဲစခန်းကို တိုင်တန်းခဲ့တာကြောင့် ရဲစခန်းက (ပ)၂၂၄/ ၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့ ကနဦးအမှုဖွင့်ပြီး ဒေါ်အေးမြစန္ဒာမြင့်မှာ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ ၂၃-၁၀-၂၄ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ အချိန်ခန့်မှာ ကွယ်လွန်သွားတာကြောင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ သို့ ပြောင်းလဲ စစ်ဆေးခဲ့တဲ့ အမှုလည်း ဖြစ်ပါတယ်။
အမှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတရားခံအား စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ဖို့အတွက် တာဝန်ရှိသူတွေက Common Center ဆီ သွားရောက်ပြီး CCTVမှတ်တမ်းအားကြည့်ရှုရှာဖွေရာ ဆေးရုံထောင့်ရှိ CCTVမှတ်တမ်းမှာ ပုဆိုးအပြာရောင် ဝတ်ဆင်ထားပြီး အနက်ရောင်မှာ အနီစင်းပါ ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ အမျိုးသားကြီး(၁)ဦးမှ နံပါတ်မပါ ဖင်ပြားဆိုင်ကယ်ကို ရန်ကုန်-မန္တလေးလမ်းမှ ကန်လမ်းဘက်ကို စီးနင်းလာကာ ကန်လမ်းထောင့်မှာ ဆိုင်ကယ်ရပ်ပြီး ဆိုင်ကယ်ပေါ်မှဆင်းကာ လှုပ်ရှားမှုပြုနေကြောင်း၊ (၂)မိနစ်ခန့်အကြာ ဒေါ်အေးမြစန္ဒာမြင့်မှ ရန်-မန်းလမ်းမှ ဆိုင်ကယ်ကို ဖြေးညှင်းစွာမောင်းကာ ကန်လမ်းဘက်သို့ကွေ့လာစဉ် ပထမရောက်ရှိရပ်နားနေတဲ့ အမျိုးသားကြီးက ဒေါ်အေးမြစန္ဒာမြင့်ကို အက်ဆစ်နဲ့ ပက်လိုက်လို့ ဆိုင်ကယ်လဲကျသွားတဲ့ CCTVမှတ်တမ်းကို ရရှိခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်စုံစမ်းရာ အမှုနဲ့ ပတ်သက်ပြီး ရရှိထားတဲ့သတင်းအရ တောင်ငူမြို့၊ (၄)ရပ်ကွက်ရှိ ရွှေတြိဂံတည်းခိုခန်းဆီ သွားရောက်ပြီး စုံစမ်းမေးမြန်းရှာဖွေရာ အောင်ဆွေလတ်(ခ)အီစာဆိုသူမှာ ပုဆိုးအပြာရောင်ဝတ်ဆင်ထားတာကိုမြင်တွေ့ ရပြီး အောင်ဆွေလတ်(ခ)အီစာ စီးနင်းမောင်းနှင်တဲ့ ဖင်ပြားဆိုင်ကယ်ကို တည်းခိုခန်းအောက်ထပ်မှာ တွေ့ရှိရတာကြောင့် ကြည့်ရှုစစ်ဆေးရာ ဆိုင်ကယ်ရှေ့ဘီးဖုံးမှာ အက်ဆစ်ရည်ကျလို့ ဆေးကြွနေတဲ့ ပုံစံတွေ့ရှိရတဲ့ အတွက်ကြောင့်လည်းကောင်း၊ CCTVမှတ်တမ်းပါဆိုင်ကယ်စီး ဦးထုပ်နဲ့ ပုံစံတူတဲ့ အနက်ရောင်မှာ အနီစင်းပါ ဆိုင်ကယ်ဦးထုပ်ကို ရှေ့လေကာမှန်ပေါ် အစွန်းတွေပေလျက် နေအိမ်အောက်ထပ် ဧည့်ခန်းရှိ ဘီဒိုပေါ်မှာလည်းကောင်း တွေ့ရှိရတာကြောင့် အခင်းဖြစ်ရပ် CCTVမှတ်တမ်းမှ အထောက် အထားတွေနဲ့ တူညီနေလို့ မှတ်တမ်းဓာတ်ပုံရိုက်ကူးထားရှိပြီး ဦးအောင်ဆွေလတ်(ခ) အီစာအား မသင်္ကာစစ်ဆေးမေးမြန်းနိုင်ရန်အတွက် ရဲစခန်းသို့ ထိန်းသိမ်းခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အမှုမှတရားခံ အောင်ဆွေလတ်(ခ) အီစာကို စစ်ဆေးရာ ၎င်းပြစ်မှုကျူးလွန်ရန်အတွက် မိလ္လာကန်ဆေးရန်ဝယ်ယူထားသော အက်ဆစ်ဘူးအားယူကာ လက်ကိုင်းကော်ခွက်အတွင်း ပြောင်းထည့်ပြီး ဒေါ်အေးမြစန္ဒာမြင့်ကို ပက်ခဲ့ကြောင်း၊ ဘူးခွံနဲ့ အပေါ်အင်္ကျီတို့ကို (၅)လမ်းနှင့် ဗိုလ်မှူးဖိုးကွန်းလမ်း ထောင့်ရှိ အမှိုက်ပုံအဟောင်းမှာ လွှင့်ပစ်ကြောင်းထွက်ဆိုတဲ့အတွက် သက်သေများနဲ့တူ သွားရောက် ရှာဖွေသိမ်းဆည်းခဲ့သလို ဒေါ်အေးမြစန္ဒာမြင့်ကို အက်ဆစ်နဲ့ပက်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် ၂၀-၁၁-၂၀၂၄ ရက်နေ့တွင် တောင်ငူခရိုင်တရားရုံးဆီ တရားစွဲတင်ပို့ခဲ့ရာ တရားရုံးက ရာကြီး ၁၄၅/၂၄ ဖြင့်လက်ခံပြီး ဒုခရိုင်တရားသူကြီး(၁) ဒေါ်သဇင်ဝေထွန်းမှ စစ်ဆေးကာ ၃၀-၆-၂၀၂၅ ရက်နေ့တွင် တရားခံအား ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ခ)အရ မသေမချင်း လည်ပင်းကြိုကွင်းစွပ်သတ်စေရန် သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
