၂.၇.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရဲ့ လက်နက်သိုလှောင်မှုက အထူးကျဆင်းလျက်ရှိတယ်ဆိုတဲ့ စိုးရိမ်မှုတွေနဲ့အတူ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အစိုးရက ယူကရိန်းနိုင်ငံကို အမေရိကန်ကထောက်ပံ့နေတဲ့ လက်နက်အချို့ ပေးပို့မှုကို ရပ်ဆိုင်းခဲ့တယ်လို့ အိမ်ဖြူတော်က ဇူလိုင်လ ၁ ရက်မှာ အတည်ပြုခဲ့ပါတယ်။
အိမ်ဖြူတော်ကအတည်ပြုပြောကြားရာမှာ ကာကွယ်ရေးဝန်ကြီးဌာန ပင်တဂွန်ရဲ့ အကဲဖြတ်မှုအရ ယူကရိန်းသို့ ၁၅၅ မမ လက်နက်ကြီးကျည်ဆံတွေ၊ ပက်ထရီယော့ဒုံးခွင်းဒုံး လေကာစနစ်၊ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ရေးစနစ်၊ လေယာဉ်ပစ် စတင်ဂါ ဒုံးကျည်တွေ၊ AIM-7 Sparrow တာလတ်ပစ်ဒုံးကျည်တွေနဲ့ Hellfire ဒုံးကျည်တွေ ပါဝင်တယ်လို့ သိရပါတယ်။
အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ အန်နာကယ်လီက “ဒီဆုံးဖြတ်ချက်ကို ကမ္ဘာတစ်ဝန်း တခြားနိုင်ငံတွေကို စစ်ရေးထောက်ပံ့မှုနဲ့ အကူအညီတွေပေးမှုကို ပင်တဂွန်က သုံးသပ်အပြီးမှာ အမေရိကန်အကျိုးစီးပွားက ပထမဆိုတဲ့ မူဝါဒအရ ချမှတ်ခဲ့တာပါ” လို့ New York Post သတင်းစာကို ပြောခဲ့ပါတယ်။
အန်နာကယ်လီက “ဒီဆုံးဖြတ်မှုကြောင့်အမေရိကန်ပြည်ထောင်စု လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အင်အားကို လုံးဝသံသယရှိစရာမလိုပါဘူး၊ ဒီအရာအတွက် အီရန်ကိုသာ မေးရမှာပါ” လို့ ထပ်ဆင့်ပြောခဲ့ပါသေးတယ်။
အမေရိကန်ရဲ့ လက်နက်ခဲယမ်းနဲ့ ဒုံးကျည်တွေသိုလှောင်မှုက လျော့နည်းလာတယ်လို့ ပင်တဂွန်က သုံးသပ်ခဲ့အပြီးမှာ ဂျိုးဘိုင်ဒန် အစိုးရ လက်ထက်မှာထဲက စစ်ရေးအကူအညီကိုဆိုင်းငံ့ထားဖို့ အတည်ပြုခဲ့ပြီး မူဝါဒဆိုင်ရာ လက်ထောက်ကာကွယ်ရေးဝန်ကြီး Elbridge Colby က ဇွန်လ အစောပိုင်းမှာ ဆုံးဖြတ်ချက်ချမှတ်ခဲ့တယ်လို့ Politico သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Ref- New York Post


