၂. ၇. ၂၀၂၅
Written by Nyein Kyaw
ငလျင်ကြောင့် ထိခိုက်ခဲ့သည့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ၈ ခုရှိ မြို့နယ် ၅၄ ခုတွင် ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူများ၏ နေအိမ်များ ပြန်လည်ပြုပြင်ရန် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေဖြင့် ဘိလပ်မြေအိတ် ၅ သန်းကျော် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘိလပ်မြေထုတ်လုပ်သူများအသင်းအဖွဲ့ (၃/၂၀၂၅) ကြိမ် ညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အဆိုပါ အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်များ၊ ဘိလပ်မြေစက်ရုံများမှ တာဝန်ရှိသူများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြောင့် ပြည်ထောင်စုနယ်မြေနေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၈ ခုရှိ မြို့နယ် ၅၄ ခုတွင် ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူများ၏နေအိမ်များ ပြန်လည်ပြုပြင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဖြစ်သည့် ဘိလပ်မြေအိတ် ၅ ဒသမ ၃၄၄ သန်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းကဲ့သို့ ထောက်ပံ့ရာတွင်လည်း သုံးစွဲသူပြည်သူများ သယ်ယူစရိတ် သက်သာစေရေးအတွက် ဒေသအတွင်းရှိ ဘိလပ်မြေစက်ရုံများကို တာဝန်ပေးအပ်၍ ထုတ်လုပ်ဖြန့်ဖြူးပေးသွားနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘိလပ်မြေထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌက တင်ပြဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်းနှင့် ဘိလပ်မြေစက်ရုံများမှ တာဝန်ရှိသူများအနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်စဉ်တွေ့ကြုံရသည့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်း စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။
