သတင်း/ဓာတ်ပုံ မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)
၂. ၇. ၂၀၂၅
Written by Thettant
ယခုလာမည့် ဇူလိုင် ၆ ရက်တွင် ချစ်သူနှင့် မင်္ဂလာဆောင်ထိမ်းမြားမည့် မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားအမျိုးသမီး စက်ဘီးစီးလာစဥ် ကားဝင်တိုက်ခံရသဖြင့် ကွယ်လွန်ခဲ့ရရှာသည်။
ဖြစ်စဥ်မှာ မလေးရှားနိုင်ငံ၊ ဆလန်းကောပြည်နယ်၊ ကလန်းမြို့၊ ပန်ဆာပူရီရပ်ကွက်တွင်ရှိသော ဘေထုတ်အဝတ်အစားသန့်စင်စက်ရုံတွင် အလုပ်လုပ်ကိုင်သည့် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇီးဖြူခင်ကျေးရွာဇာတိ မအိအိငြိမ်းနှင့် မခင်လေးနွယ်တို့ ဇွန်လ ၃၀ ရက်က အလုပ်မှ ပြန်လာစဥ် စက်ရုံရှေ့နား စက်ဘီးစီးစအချိန်တွင်ပင် အနောက်မှလာသောကားက ဝင်တိုက်မိခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)ထံမှ သိရသည်။
ထိုယာဥ်တိုက်မှုဖြစ်စဥ်အတွင်း မအိအိငြိမ်းမှာ နေရာတွင်ပင် ကွယ်လွန်သွားခဲ့ပြီး မခင်လေးနွယ်မှာ ဒဏ်ရာရရှိသဖြင့် ဆေးကုသမှုခံယူနေရသည်ဟု သိရသလို ကွယ်လွန်သူ မအိအိငြိမ်းမှာ ဇူလိုင်လ ၆ ရက်နေ့တွင် ချစ်သူဖြစ်သူ ကိုဖြိုးမင်းသန့်နှင့် မင်္ဂလာဆောင်ထိမ်းမြားရန် စီစဥ်ထားသူဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) က အခင်းဖြစ်ကိစ္စအတွက် ဌာနဆိုင်ရာကိစ္ဓများ၊ ဆေးရုံကိစ္စရပ်များနှင့် အလုပ်ရှင်သူဌေးနှင့်တွေ့ဆုံကာ လိုအပ်သည်များ သေဆုံးသူ၏ မိသားစုအား ကူညီထောက်ပံ့နိုင်ရေး၊ ကွယ်လွန်သူအား မိသားစုများသဘောကျအတိုင်း သင်္ဂြိုဟ်မှုပြုရေး၊ ကရုဏာကြေး၊ ထောက်ပံ့ကူညီမှုကြေးများရရှိရေးတို့အတွက် မလေးရှားနိူင်ငံဆိုင်ရာ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ အလုပ်သမားရေးရာသံအရာရှိများလိုက်ပါလျက်သူဌေးနှင့်တွေ့ဆုံကာ အသက်အာမခံပြည့်ဝစွာမိသားစုများ ခံစားခွင့်ရရှိတို့အတွက် ဆွေးနွေးနေသလို အလုပ်ရှင်ဘက်မှလည်း လိုအပ်သည်များကူညီမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)


