၂.၇.၂၀၂၅
Written By Zun
ဖမ်းဆီးထားသည့် PDF အဖွဲ့ဝင် အမျိုးသမီးအား ရဲတပ်ဖွဲ့ဝင်များ ပစ်သတ်ပြီး ရုပ်ရှင်ဆန်ဆန်လုယူကယ်ထုတ်ခဲ့သည့် PDF တစ်ဖွဲ့လုံးကို ဖမ်းမိပြီ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁ ရက်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ရဲစခန်း၌ အကြမ်းဖက်ဥပဒေဖြင့်ဖမ်းဆီးခံထားသော PDF အမျိုးသမီးကို ဆေးခန်းပြရန် ည ၇ နာရီခွဲခန့်က မော်တော်ယာဉ်ဖြင့် ခေါ်ယူလာစဉ် PDF များက ရုပ်ရှင်ဆန်ဆန်ပစ်ခတ် ကယ်ထုတ်သွားခဲ့သည့်အမှုမှ ပါဝင်သည့် အကြမ်းဖက် PDF အားလုံးကို ၂၄ နာရီ မပြည့်မီ ပြန်လည်ဖမ်းမိခြင်းလည်း ဖြစ်သည်။
လွတ်မြောက်သွားသည့် PDF များကို ပြန်လည်ဖမ်းမိရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးရှိ မြို့နယ်များတွင် ပိုက်စိပ်တိုက်ရှာဖွေရာ ယနေ့ ဇူလိုင်လ (၂)ရက် နံနက်ပိုင်းက သံလျင်မြို့နယ်၊ ဘောသပြေကန်ကျေးရွာအနီးတွင် ကားတစ်စီးနှင့်အတူ ကယ်ထုတ်ခံရသည့် အကြမ်းဖက် အမျိုးသမီး ဇွန်ပွင့်လှိုင် အပါအဝင် ၎င်းကို ကယ်ထုတ်လုယူသွားသည့် စစ်သွေးကြွအဖွဲ့ဝင် ငါးဦးကိုဖမ်းမိခဲ့သည်။
အဆိုပါ အကြမ်းဖက်ဥပဒေဖြင့်ဖမ်းဆီးခံထားသော အမျိုးသမီးမှာ လှိုင်သာယာအရှေ့ပိုင်းရဲစခန်းတွင် အကြမ်းဖက် ပုဒ်မ ၅၀ (ည) ဖြင့် ဖမ်းဆီးထားရသည့် ဇွန်ပွင့်လှိုင် ဖြစ်ကြောင်း၊ ဖြစ်စဉ်မှာ ယမန်နေ့ညပိုင်းအချိန် မြို့နယ်ဆေးရုံသို့အရေးပေါ် ဆေးခန်းပြရန် ဒုရဲအုပ်နှစ်ဦး လိုက်ပါပို့ဆောင်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းအမျိုးသမီးကို ပို့ဆောင်စဉ် လှိုင်သာယာ စက်မှုဇုန်(၂)၊ မင်းကြီးမဟာမင်းခေါင်လမ်းအရောက်တွင် အသင့်စောင့်နေသောအကြမ်းဖက်သမားနှစ်ဦးက သေနတ်ဖြင့်လေးချက်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်အမျိုးသမီးကို ကားဖြင့်တင်ဆောင် ထွက်ပြေးသွားကြောင်း သိရသည်။
ယင်း ပစ်ခတ်မှုများကြောင့် ဒုရဲအုပ်(အမျိုးသား) တစ်ဦး နံဘေးတွင် ကျည်ဖောက်ဝင်ဒဏ်ရာရကာ နေရာ၌ သေဆုံးခဲ့ပြီး အမျိုးသမီး ဒုရဲအုပ်၏ ပုခုံးတွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်းနှင့်လက်ရှိတွင် ကုသမှု ခံယူနေရကြောင်းလည်း သိရသည်။




