
၁. ၇. ၂၀၂၅
Translated by Thettant
အိန္ဒိယနိုင်ငံ၊ အာရူနာချယ်ပရာဒေ့ရှ်ပြည်နယ်၊ အန်ဂျောခရိုင်ရှိ ခူပါ (Khupa) ရဲစခန်းမှ မြန်မာနိုင်ငံသား ၆ ဦးသည် ဇွန်လ ၁၂ ရက်နေ့က ထွက်ပြေးလွတ်မြောက်သွားကြောင်း တာဝန်ရှိသူများက ယခု အတည်ပြုပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်သည် အိန္ဒိယ-တရုတ်နယ်စပ်အနီး ဟေယူလျန်နယ်မြေခွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုသူများသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကတည်းက အိန္ဒိယပိုင်နက်ထဲသို့ တရားမဝင် ဝင်ရောက်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် ဝါလောင် နယ်မြေ၊ ယာတုံးရွာအနီးတွင် ဖမ်းဆီးခံရပြီးနောက် တရားစီရင်ရေးဆိုင်ရာ ထိန်းသိမ်းမှုအောက်တွင် ရှိနေခဲ့ကြသူများ ဖြစ်သည်။
မြန်မာနိုင်ငံသား ၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားစဥ်က အာရူနာချယ်ပရာဒေ့ရှ်ပြည်နယ်၊ အန်ဂျောခရိုင် ရဲမှူးကြီး ရီကီ ကမ်စီက ထိုသူများကို မှို ၆ ကီလိုဂရမ်၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ငွေသား ရူပီး ၆၈,၀၀၀ တို့နှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းပေးပို့ခဲ့သလို ရဲအရာရှိများ၏ ပြောကြားချက်အရ ဖမ်းဆီးခံရသူများသည် အိန္ဒိယပိုင်နက်အတွင်း ရက်သတ္တပတ်များစွာ သို့မဟုတ် လများစွာ နေထိုင်ခဲ့ကြသည်ဟု သိရသည်။
ပထမသတင်းပေးတိုင်ချက်အရ ထိုစဥ်က ဖမ်းဆီးခံရသူများမှာ ၆ ဦးမကဘဲ အိန္ဒိယပိုင်နက် ရွာအသီးသီးတွင် တဲထိုးနေထိုင်နေသော မြန်မာနိုင်ငံသားများကို ဖမ်းမိခဲ့ပြီး ၎င်းတို့သည် ရှားပါးဆေးဖက်ဝင်အပင်များ၊ ဆေးဖက်ဝင်အပင်များနှင့် မှိုများ ထုတ်ယူခြင်း၊ တောရိုင်းတိရစ္ဆာန်များ ဖမ်းဆီးခြင်းတို့တွင် ပါဝင်ပတ်သက်နေကြောင်း ဖော်ပြထားခဲ့ကာ အိန္ဒိယစစ်တပ်ကို အကြောင်းကြား၍ မဟာဗျူဟာ ထောက်လှမ်းရေးဌာနခွဲ (SIB) နှင့် ပူးတွဲစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန် ၆ ဦးကို ဖမ်းဆီးကာ စစ်ဆေးရန် စီစဉ်ထားသော်လည်း တစ်နှစ်ကျော်ကြာ ချုပ်နှောင်ခံနေရပြီးနောက် ယခုကဲ့သို့ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
ထွက်ပြေးမှုသတင်းကို မကြာသေးမီကမှ သိရှိခဲ့ရသောကြောင့် ဒေသခံများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့သည်။ သတင်းထုတ်ပြန်မှု နှောင့်နှေးခဲ့ခြင်းက အဆိုပါဖြစ်ရပ်ကို ကိုင်တွယ်ပုံနှင့် ရဲစခန်း၏ လုံခြုံရေးအစီအမံများအပေါ် မေးခွန်းများ ဖြစ်ပေါ်စေခဲ့သည်။
အာဏာပိုင်များက ရှာဖွေရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်သော်လည်း ထွက်ပြေးသွားသူများ အိန္ဒိယပိုင်နက်အတွင်း ရှိနေဆဲလား သို့မဟုတ် နယ်စပ်ဖြတ်ကျော်သွားပြီလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ထို့အတူလက်ရှိ ရှာဖွေရေးလုပ်ငန်းများ၏ ရလဒ်နှင့်ပတ်သက်၍လည်း တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
Ref, india today & northestnow
