
၁.၇.၂၀၂၅
Written by Hey Mar
စစ်ကိုင်းရတနာပုံတံတားကနေ မုံရွာဘက်ကို အထွက် အသင်္ခယာစောယွန်းအဝိုင်းအနီး သီရိမင်္ဂလာ ရထားလမ်းကုန်းကျော်တံတားပေါ်ကနေ ပီပါခွံတွေတင်ဆောင်လာတဲ့ ဒိုင်နာယာဉ်တစ်စီး အရှိန်လွန်ပြုတ်ကျမှုဖြစ်ပွားခဲ့ကာ တံတားအောက်က နေအိမ်တစ်လုံးပျက်စီးခဲ့ပေမယ့် လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
တံတားအမြင့်က မြေပြင်နဲ့ ပေ ၃၀ ဝန်းကျင်လောက်ရှိပြီး ပြုတ်ကျတဲ့အရှိန်ကြောင့် ယာဉ်ပျက်စီးထိခိုက်မှုများပေမယ့် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်မှာ ခြေဖမိုးကွဲဒဏ်ရာ၊ လက်ပေါက်ပြဲ ဒဏ်ရာတချို့သာ ရရှိခဲ့တယ်လို့ အိုးဘို လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။

“တံတားအောက်က အိမ်ကတော့ နောက်ဖေးတစ်ဆောင်လုံးပြိုသွားတယ်။ ကံကောင်းတာက အိမ်သားတွေက နေ့လည်ခင်း အိမ်ရှေ့မှာ ဖျာနဲ့ ထွက်ထိုင်နေကြတဲ့ အချိန်ဖြစ်နေလို့ အိမ် မီးဖိုဆောင်ပဲ ထိသွားတာ” လို့ MT News ကဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို အိုးဘိုလူမှုကူညီရေးအသင်းက လိုအပ်တာတွေ ပြုစုလုပ်ကိုင်ပေးခဲ့ပြီး စစ်ကိုင်းဆေးရုံ ပြင်ပလူနာဌာနဆီ ပို့ဆောင်ပေးခဲ့ကာ သက်ဆိုင်ရာကလည်း အဆိုပါယာဉ်မတော်တဆမှုကို စုံစမ်းစစ်ဆေးနေပြီး အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
