◾️ EV တင်သွင်းသူများ ခြံအကျယ် ၁၀,၀၀၀ စတုရန်းပေအပြင် အရောင်းပြခန်းနှင့် Service Center အတွက် စုစုပေါင်းဧရိယာ ၅,၀၀၀ စတုရန်းပေရှိရမည်ဟုပါ သတ်မှတ်ထား
၁.၇. ၂၀၂၅
Written by Nyein Kyaw
Pilot Project ကာလအတွင်း EV ကားတင်သွင်းသူများ လိုအပ်သည့် အာမခံမှု၊ အပိုပစ္စည်း (Spare Part) ရရှိနိုင်မှုနှင့် After-Sale Service ကို စီမံထားရမည့်အပြင် ခြံအကျယ် ၁၀,၀၀၀ စတုရန်းပေ၊ အရောင်းပြခန်းနှင့် Service Center အတွက် စုစုပေါင်းဧရိယာ ၅,၀၀၀ စတုရန်းပေရှိရမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၀/၂၀၂၅) ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဖြစ်သည်။
လျှပ်စစ်သုံးယာဉ် (EV) တင်သွင်းသူများသည် အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ရရှိပြီးဖြစ်ရမည်၊ လျှပ်စစ်သုံးယာဉ် တင်သွင်းမည့်ကုမ္ပဏီသည် လျှပ်စစ်သုံးမော်တော်ယာဉ် အရောင်းပြခန်းဖွင့်လှစ်ခွင့် မှတ်ပုံတင်လက်မှတ်ရရှိပြီးဖြစ်ရမည်၊ လျှပ်စစ်သုံးယာဉ် တင်သွင်းမည့်ကုမ္ပဏီသည် ဦးဆောင်ကော်မတီက သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ခွင့်ပြုထားသည့် အစီးအရေအတွက်ကိုသာ တင်သွင်းရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် EV ကား တင်သွင်းမည့်ကုမ္ပဏီသည် တင်သွင်းမည့် လျှပ်စစ်သုံးယာဉ်များအတွက် လိုအပ်သည့် အာမခံမှု၊ အပိုပစ္စည်းများ (Spare Parts) ရရှိနိုင်မှုနှင့် ရောင်းချပြီးနောက်ပိုင်းပြင်ဆင်မှုများ (After-Sales Service) ကို ဆောင်ရွက်နိုင်သည့် အစီအမံထားရှိရမည်ဟု သတ်မှတ်ဖော်ပြထားသည်။
EV ကား အရောင်းပြခန်း ဖွင့်လှစ်ဆောင်ရွက်မည့်ကုမ္ပဏီသည်လည်း မြန်မာနိုင်ငံသားကဖြစ်စေ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားဖက်စပ်ဆောင်ရွက်ခြင်းဖြင့်ဖြစ်စေ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့်ကုမ္ပဏီဖြစ်ရမည်ဖြစ်ပြီး တင်သွင်းမည့် EV အမှတ်တံဆိပ် (Brand) တစ်ခုစီအတွက် ပင်ရင်းကုမ္ပဏီမှဖြစ်စေ၊ ဒေသဆိုင်ရာရုံး (Regional Office) မှဖြစ်စေ EV ကားအသစ်များ ဖြန့်ဖြူးရောင်းချရေး ကိုယ်စားလှယ် (Distributorship) သို့မဟုတ် အရောင်းကိုယ်စားလှယ် (Dealership) အဖြစ် တရားဝင်ခန့်အပ်ခြင်းခံရသည့် ကုမ္ပဏီဖြစ်ရမည်ဟု ဖော်ပြထားသည်။
သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုမိန့်နှင့်သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များထံမှ လုပ်ငန်းလိုင်စင်ရရှိပြီးသူဖြစ်ရမည်ဖြစ်ပြီး ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်းအထောက်အထား တင်ပြရမည်ဖြစ်သည်။
အရောင်းပြခန်းဖွင့်လှစ်မည့်နေရာ၊ အဆောက်အဦး သိုလှောင်ရုံတို့ကို ရွေးချယ်ဆောင်ရွက်ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သော စံနှုန်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး EV အရောင်းပြခန်း၏ အကျယ်အဝန်းနှင့် သိုလှောင်ရုံ၏အကျယ်အဝန်းတို့သည် ပူးတွဲပါ သတ်မှတ်ချက်အတိုင်းဖြစ်ရမည်ဟု ဖော်ပြထားသည်။
အရောင်းပြခန်းနှင့် သိုလှောင်ရုံနေရာသည် ယင်းအရောင်းပြခန်းဖွင့်လှစ်မည့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ တည်ရှိရမည်ဖြစ်ပြီး EV တင်သွင်းမည့်ကုမ္ပဏီသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိအမှတ်ပြုသည့်ဘဏ်တွင် မြန်မာငွေကျပ်သိန်း ၅၀၀ ပေးသွင်းထားကြောင်း ဘဏ်အာမခံချက် (Bank Guarantee) တင်ပြရမည်ဖြစ်သည်။
အဆိုပါ အမိန့်ကြော်ငြာစာပါ လျှပ်စစ်သုံးယာဉ် (EV) ဟူသော စကားရပ်တွင် လျှပ်စစ်သုံးလူစီးယာဉ်နှင့် ခရီးသည်တင်ယာဉ်တို့ အကျုံးဝင်ပြီး ဘတ္ထရီသုံးလျှပ်စစ်သုံးယာဉ် (Battery Electric Vehicle- BEVI) ယာဉ်များသာ ဖြစ်ရမည်ဖြစ်ကာ အမိန့်ကြော်ငြာစာသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ အကျိုးသက်ရောက်စေမည်ဖြစ်သည်။
ထို့ပြင် ပူးတွဲပါကြေညာချက်အရ လျှပ်စစ်သုံးယာဉ် အရောင်းပြခန်း ဖွင့်လှစ်နိုင်ရေး အနိမ့်ဆုံးစံနှုန်းသတ်မှတ်ချက်များသည် ခြံအကျယ်အဝန်း ၁၀,၀၀၀ စတုရန်းပေ (အရောင်းပြခန်းနှင့် Service Center ဧရိယာနှင့် ဧည့်နားနေခန်း၏ စုစုပေါင်းဧရိယာသည် ၅,၀၀၀ စတုရန်းပေရှိရမည်ဖြစ်သည်။ သိုလှောင်ရုံ ၅,၀၀၀ စတုရန်းပေသည်လည်း (အမိုး၊ အကာ တည်ဆောက်ပြီးဖြစ်ရမည်၊ သိုလှောင်ရုံအတွင်းရှိ ပစ္စည်းများရှင်းလင်းပြီးဖြစ်ရမည်။) ဖြစ်သလို အရောင်းပြခန်းအင်္ဂါရပ်တွင်လည်း ရှေ့မျက်နှာစာနှင့် ဘေးမှန်ခန်းဖြစ်ရမည်၊ နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီရမည်ဖြစ်ပြီး ဆိုင်းဘုတ်အတွက် ၅၀ စတုရန်းပေ (Distributor/Dealer အဖြစ် ခန့်အပ်ခံရသည့် ယာဉ်၏အမှတ်တံဆိပ်ကို နိုင်ငံတကာစံနှုန်းနှင့်အညီ တပ်ဆင်ရမည်)ဟု ပါရှိသည်။
အလားတူ လမ်းနှင့် အကွာအဝေး ၁၂ ပေ သတ်မှတ်ထားပြီး လူနေထိုင်ခြင်းမရှိသည့် အဆောက်အဦတွင်သာ ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်သည်။ အရောင်းပြခန်းနှင့် သိုလှောင်ရုံနေရာသည် တစ်ဆက်တည်း ဖြစ်နေသော်လည်း မြေအကျယ်အဝန်း စံနှုန်းကိုက်ညီမှုရှိပါက ဖွင့်လှစ်ခွင့်ပြုထားပြီး မြေနေရာရရှိမှုအပေါ်မူတည်၍ မြေအကျယ်အဝန်းသတ်မှတ်ချက်ကို ၁၀ ရာခိုင်နှုန်း ဖြေလျှော့ ဆောင်ရွက်ခွင့်ပြုထားသည်ဟု သိရသည်။


